ဧပြီလမှစတင်ကာ တရုတ်ပြည်သို့ သစ်သီးတင်ပို့ရာ၌ ထုတ်ပိုးမှုစနစ် ပြောင်းလဲရမည်
မြန်မာ့သီးသစ်ဝလံများကို တရုတ်နိုင်ငံသို့တင်ပို့ရာ၌ လာမည့် ဧပြီ ၁ ရက်မှစတင်ကာ သစ်သီးများအား လုံးချင်း(သို့မဟုတ်)တစ်စုချင်းထုပ်ပိုး (Packing) စနစ်ဖြင့် တင်ပို့ရန် မူဝါဒပြောင်းလဲထားကြောင်း နယ်စပ် သစ်သီးဝလံကုန်သည်များထံမှသိရသည်။
မြန်မာ့သစ်သီးဝလံများဖြစ်သည့် ဖရဲ၊ သခွားနှင့် သရက်တို့ကို မိုင်းလား နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ တာလော့သို့တင်ပို့ရာ၌ ယခင်က ကားစီးလုံးတိုက် 1box/truck (ဝမ်းပုံစနစ်)ဖြင့် တင်သွင်းခွင့်ပြုထားရာမှ လာမည့် ဧပြီ ၁ ရက်မှစ၍ တရုတ်နိုင်ငံ၊ တာလော့ အကောက်ခွန်ဌာနက ခွင့်မပြုတော့ကြောင်း မတ် ၁၉ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုကြောင့် တရုတ်နိုင်ငံဘက်မှ သစ်သီးတင်သွင်းခြင်းနှင့်ပတ်သက်သော မူဝါဒများ ပြောင်းလဲနေခြင်းကြောင့် ပို့ကုန်သမားများ၌ ကုန်ကျစရိတ် ပိုမိုတိုးလာနိုင်ပြီး အခက်အခဲများရှိနေကြောင်း နယ်စပ်ကုန်သည် အချို့က ပြောသည်။
“လက်ရှိမှာ ဖရဲနှင့် သခွားမွှေးများကို မိုင်းလားနယ်စပ်ကနေ ကုန်သွယ်နေပါကြောင်း၊ မကြာခင် သရက်သီးကိုလည်း တင်ပို့သွားရန် ရှိနေပါကြောင်း၊ သရက်၊ သခွားမွှေးများကို ပါကင်ပိတ်၍ ပို့ဆောင်ရခြင်းများရှိသလို ဂျပ်ဖာထဲ စုပုံထည့်ပြီး ပို့ခြင်းများလည်းရှိပါကြောင်း၊ အဓိက ဖရဲသီးကို ကားထဲမှာထည့်ပြီး ဝမ်းပုံစနစ်ဖြင့် ပို့ခြင်းက ဂျပ်ဖာဖိုး ကုန်ကျစရိတ် မရှိပါ။ ပါကင်ထုပ်ပိုးပြီး ပို့မည်ဆိုပါက ပါကင်ဖာဖိုးအတွက် ကုန်ကျစရိတ် က ထပ်ပိုသွားပြီ။ ယခုဆိုရင် လုပ်ကွက်ငယ်၊ အလယ်အလတ် တောင်သူတွေအနေဖြင့် ပိုခက်ခဲသွားပြီဖြစ်ကြောင်း၊ ယခု စစ်ကိုင်း-မိုင်းလား ကားခ ကျပ်သိန်း ၁၂၀ ကျော်၊ ကားခက စရံကြိုငွေကျပ် သိန်း ၆၀ ပေးရပါကြောင်း၊ ဂျပ်ဖာတစ်စီးစာ ကျပ်သိန်း ၅၀ ကျော်မှာရှိပါကြောင်း၊ မိုင်းလား -တာလောကားချိန်း ဂျုတီအခွန်ပေါင်း ယွမ် ၁၂,၀၀၀ ရှိပါကြောင်း၊ မြန်မာငွေဆိုပါကကျပ် သိန်း ၇၀ ရှိပါကြောင်း၊ တွက်ကြည့်လိုက်ပါက တောင်သူရော၊ ကုန်သည်များပါ အခက်အခဲတွေရှိနေပါကြောင်း” တရုတ်နယ်စပ် သစ်သီးဝလံများတင်ပို့ရောင်းချသူ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာဘက်မှတရုတ်ဘက်သို့ ပျမ်းမျှ သခွားမွှေးကားအစီး ၁၀၀ ကျော်နှင့် ဖရဲကား ၁၀ စီးကျော် ဝင်ရောက်နေပြီး သခွားမွှေး တစ်ကီလိုလျှင် အရည်အသွေးအလိုက် တရုတ်ငွေ ၄ ယွမ် မှ ၅ ယွမ်ခန့် ဈေးဝန်းကျင်၊ ဖရဲသီး ၁၅ တန်အောက်ကားတစ်စီးလျှင် ယွမ် ၅ သောင်းမှ ၆ သောင်းခန့် အထိ ပေါက်ဈေးရရှိနေကြောင်းသိရသည်။
ကိုးကား-NP News