ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရောင်းချရန်ခက်ခဲနေသည့် ဧည့်မထ အုပ်စု စပါးများကို တင်းပေါင်း သိန်း (၁၅၀) အထိ ဝယ်ယူမည်
ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရောင်းချရန်ခက်ခဲနေသည့် ဧည့်မထအုပ်စု စပါးများကို တင်းပေါင်း သိန်း (၁၅၀)အထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၂)ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးများ၊ ဆွေးနွေးပွဲများနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထား ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် နိုင်ငံတကာဝယ်လိုအားကျဆင်းနေခြင်းနှင့် ပြည်တွင်းဝယ်လို အားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထ နွေစပါး စိုက်ပျိုးသော တောင်သူ လယ်သမားများအနေဖြင့် ဈေးနှုန်းကျဆင်းနေခြင်း နှင့် ရောင်းချရန် ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ်ပူပန် မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်၍ စပါးတင်း သိန်း (၁၅ဝ)နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူရေးကို လာမည့် ဧပြီလနှင့်မေလတွင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သို့ဖြစ်၍ စပါး/ ဆန် ရောင်းချရန် အခက်အခဲ ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်နိုင်ကြောင်း MRF ကအသိပေးထားသည်။
“ပေါ်ဆန်း စပါးစျေးတွေက အမြင့်ပိုင်းမှာ ဖြစ်ပေါ်တည်ရှိနေပါသည်။ ပေါ်ဆန်းကို ဆောင်ရွက်ရန် မလိုအပ်သေးပါ။ နွေစပါးပေါ်ချိန် ဧည့်မထ/ အထူးဧည့်မထ အုပ်စု စပါးများသာ စျေးကျဆင်းပြီး တင်း ၁၀၀ လျှင် ၁၃ သိန်း-၁၄ သိန်း ဝန်းကျင်ဖြစ်နေ၍ ဧည့်မထစပါးများကိုသာ ဝယ်ယူရေးကို ဦးစားပေး လုပ်ခြင်း ဖြစ်ပါသည်။ စပါးတင်း (၁) သိန်းလျှင် ကျပ်ငွေ ၁.၄ ဘီလီယံခန့် တန်ဖိုးရှိ၍ စပါးတင်းသိန်း ၁၅၀ သည် ကျပ်ငွေ ဘီလီယံ ၁၄၀ ခန့် ရှိပါသည်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးရဲမင်းအောင် က ပြောသည်။
ထို့ပြင် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပေါင်းဆန်တန်ချိန် (၃) သိန်း တင်ပို့နိုင်ရေး လျာထား၍ ပေါင်းဆန် စက် (၃ဝ) အား အဆင့်မြှင့်တင်ခြင်းအပြင် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်းနှင့် ပေါင်းဆန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြောင်း MRF ၏ ထုတ်ပြန်ချက်အရသိရသည်။
Source: NP News