ဇလွန်မြို့နယ်တွင် ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်နေ
ဇလွန် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။
ဇလွန်မြို့နယ်တွင် ဒေသထွက် ဖရဲသီးများသည် ယခုနှစ် ဧပြီလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ ဖရဲသီးများကို ဒေသထွက်များဖြစ်သည့် ပုသိမ်၊ ကျောင်းကုန်း၊ ချောင်းသာ၊ ငွေဆောင်စသည့် ဒေသများကပါ ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
“ဖရဲသီးတွေ အရောင်းအဝယ်ကောင်းနေပါတယ်။ လက်ရှိဒေသထွက်ဖရဲသီးတွေကို အခြားမြို့တွေဘက်က အဝယ်လိုက်နေပါတယ်။ ဒါကလဲ ဒီဘက်ကို အခြားဒေသက ဖရဲသီးတွေ အဝင်နည်းနေတာကြောင့်လို့ ပွဲရုံလုပ်ငန်းရှင်တွေပြောပြချက်အရ သိရပါတယ်။ အခုနှစ် ဒေသထွက် ဖရဲသီးကလဲ အထွက်နှုန်းက အရမ်းမထွက်ပေမဲ့ ရောင်းပန်းလှ အရည်အသွေးလဲ ကောင်းမွန်ပါတယ်” ဟု ဇလွန်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။
ဇလွန်မြို့နယ်တွင် ဖရဲသီးကို မြေနုကျွန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကျေးရွာ ၁၄ ရွာတွင် ဒေသခံ ၁၀၄ ဦးမှ တစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးထားကြောင်း၊ လက်ရှိ ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၃၅၀၀ မှ ၉၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဇလွန်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ဆက်လက်ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ