အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

News Image

  • အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ် သည် တနင်္လာနေ့ (ဧပြီ ၂၁) တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် နယူးဒေလီ၌ တွေ့ဆုံကာ နှစ်နိုင်ငံကြားနှစ်ဖက်အကျိုးပြု ကုန်သွယ်ရေးသဘောတူညီချက် တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ကြေညာခဲ့သည့် အကောက်ခွန် အသစ်များအား ရက် ၉၀ ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ကျင်းပခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ-အမေရိကန် နှစ်ဖက် ကုန်သွယ်ရေးကို နှစ်ဆတိုးရန် ရည်မှန်းထားပြီး၊ ဤဆွေးနွေးပွဲသည် ထရမ့်နှင့် မိုဒီတို့ ဖေဖော်ဝါရီလက ဝါရှင်တန်တွင် သဘောတူညီခဲ့သည့် ရည်ရွယ်ချက်များအတွက် အရှိန်မြှင့်တင်ရန် ဖြစ်သည်။

ထရမ့်က အိန္ဒိယအား “အကောက်ခွန် အလွန်အကျွံ ကျင့်သုံးသူ” ၊ “အကောက်ခွန် ဘုရင်” ဟု မကြာခဏ ရည်ညွှန်းခဲ့သော်လည်း မိုဒီအား “ခက်ထန်သော ညှိနှိုင်းဆွေးနွေးသူ” ဟုလည်း ချီးကျူးဖူးသည်။

ထရမ့် အစိုးရအဖွဲ့သည် အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် အကောက်ခွန်မြင့်တင်မှုများ ပြဋ္ဌာန်းခဲ့သော်လည်း ယခုအခါ ၎င်းအား ၉၀ ရက်ခန့် ရွှေ့ဆိုင်းထားသည်။

သို့သော်အိန္ဒိယတွင် အမေရိကန်နှင့်ကုန်သွယ်ရေး၏ အနာဂတ်နှင့် ပတ်သက်၍ မရေရာမှုများ ရှိနေဆဲဖြစ်သည်။

၂၀၁၈-၂၀၂၀ ကာလအတွင်း ထရမ့်အစိုးရက အိန္ဒိယမှ သံမဏိနှင့် အလူမီနီယမ်ထုတ်ကုန်များပေါ်တွင် အကောက်ခွန်များ မြှင့်တင်ခဲ့ပြီး အိန္ဒိယကလည်း အမေရိကန်ထုတ်ကုန်များအပေါ် တုံ့ပြန်အကောက်ခွန် များ ကျင့်သုံးခဲ့ဖူးသည်။

အဆိုပါဆွေးနွေးပွဲသည် အိန္ဒိယ-အမေရိကန် စီးပွားရေးဆက်ဆံရေးကို ပိုမိုအားကောင်းစေရန် အရေးပါသော အဆင့်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂