ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်
ဧရာဝတီမြစ်ရေသည် ယနေ့ ဧပြီ ၂၄ ရက်နေ့ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၄၈၈) စင်တီမီတာသို့ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၇)ပေခွဲခန့်မြင့်တက်ခဲ့သည့်အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်အရ သိရသည်။
ဧရာဝတီမြစ် အထက်ပိုင်းတွင်မြင့်တက်ခဲ့သည့် အဆိုပါမြစ်ရေသည် နောက်(၁) ရက်မှ (၅)ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာနှင့်သပိတ်ကျင်းမြို့တို့တွင် (၅)ပေခွဲမှ (၉)ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း ဆိုသည်။
ထို့နည်းတူ နောက်(၅)ရက်မှ (၈)ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပုခုက္ကူ၊ ညောင်ဦးမြို့တို့တွင် (၄)ပေခွဲမှ (၅)ပေခွဲခန့်၊ နောက်(၈)ရက်မှ (၁၃)ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည် ၊ ဆိပ်သာ ၊ ဟင်္သာတနှင့်ဇလွန်မြို့တို့တွင် (၃)ပေခွဲမှ(၄)ပေခွဲအထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးထားသည်။
ထို့ကြောင့် မြစ်ကြောင်းများအတွင်းလာနေသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ကြောင်းနှင့်သဲသောင်ခုံများတွင် စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်သည်ကို ဂရုပြုနေထိုင်သင့်သည်ဟု မိုး/ဇလ ကအသိ ပေးထားသည်။
Source: Popular Myanmar