ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကဏန်းပျော့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကဏန်းပျော့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ဖျာပုံ   ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကဏန်းပျော့ ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် ၁ ရက်မှ ၃၁ ရက်ထိ ကဏန်းပျော့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ 

“ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြသည်။

ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကဏန်းပျော့ တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကဏန်းများ တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ