ဂျပန်ကအဆင့်မြှင့်တင်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသ
ဂျပန်နိုင်ငံက အသံနှုန်းလွန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက်ရည်ရွယ်၍အဆင့်မြှင့်တင်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကိုထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေယာဉ်တစ်စင်းပေါ် တင်ဆောင်ထားသည့် Rail Gun ၏ဓာတ်ပုံကိုထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။ ထို့နောက် လေ့လာသူများက ဂျပန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးအတွက်အဆင့်မြင့်လက်နက်စနစ်ကိုအသုံးပြုနိုင်သော ရေတပ်များအနက်တစ်ခုဖြစ်လာပြီဖြစ်ကြောင်းပြောထားသည်။
ယခုထုတ်ဖော်ပြသသော Rail Gun သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်စဉ် မြင်တွေ့ခဲ့ရသော ရှေ့ပြေးပုံစံထက် များစွာသောပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုများ လုပ်ထားသည်ကိုတွေ့ရကြောင်း လေ့လာသူများကဆက်ပြောသည်။
သမားရိုးကျအမြောက်စနစ်များနှင့်နှိုင်းယှဉ်ပါက Rail Gun အတွက်အသုံးပြုသည့် ကျည်များသည် သေးငယ်ပြီးအသံနှုန်းလွန် ဒုံးကျည်များနှင့်အပြိုင်လိုက်ပါနိုင်သော အမြန်နှုန်းရှိကာ ဒုံးကျည်များထက် ကုန်ကျစရိတ်နည်းပါး၍ လျှပ်စစ်သံလိုက်စက်ကွင်းများကို အသုံးပြုပစ်ခတ်ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံက ယခုကဲ့သို့အဆင့်မြင့်မားသည့် Rail Gun ကိုတီထွင်ဖန်တီးအသုံးပြု လာမည်ဆိုပါက ဂျပန်နိုင်ငံသည်တိုက်စစ် မဟာဗျူဟာလမ်းကြောင်းနောက်သို့လိုက်နေသည်ဟုဆိုနိုင်သောကြောင့်အခြားနိုင်ငံများအတွက် အန္တရာယ်ရှိနိုင်ကြောင်း လေ့လာသူတစ်ဦးကပြောသည်။
Ref: SCMP
Source: https://myawady.net.mm/