လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်တိုက်တွန်း

News Image

  • လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်တိုက်တွန်း

ဗီယက်နမ်နိုင်ငံအနေဖြင့်   ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အဓိကစီးပွားရေးဒေသများအတွင်း၌ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဝန်ကြီးချုပ် ဖန်မင်းချင်က  တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဧပြီလ ၂၆ ရက်တွင် ဖော်ပြသည်။

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ခြင်းသည် ကုန်ပစ္စည်းများကို ဖြန့်ချိရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ရပ်တည်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖန်မင်းချင်က ဆက်လက်ပြောကြားသည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိဒစ်ဂျစ်တယ်ခေတ်တွင် ဒေသတွင်းကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အဓိကကျသည့် ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

အစိုးရသည် နိုင်ငံအတွင်းရှိ တောင်ပိုင်း ဒွန်နိုင်ပြည်နယ်၊ အလယ်ပိုင်း ဒါနန်းမြို့နှင့် မြောက်ပိုင်းဗင်ဖူပြည်နယ်ရှိ ဒေသအများအပြား၌ လွတ်လပ်စွာကုန်သွယ်ရေးဇုန်များတည်ထောင်ရန် အဆိုပြုထားကြောင်းသိရသည်။                     

Ref: Xinhua

Source: https://myawady.net.mm/