ယူကရိန်းက မကြာခင်အချိန်အတွင်း ချေမှုန်းခံရနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြော

News Image

  • ယူကရိန်းက မကြာခင်အချိန်အတွင်း ချေမှုန်းခံရနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြော

ယူကရိန်းအနေဖြင့် ရုရှားနှင့်အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ မပါဝင်ပါက မကြာခင်ကာလအတွင်း သိသာသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုသော မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ မူဝါဒသည် ယူကရိန်းကို ကယ်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုများကို ယူဆောင်လာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့် က “မိမိက ယူကရိန်းကို ကယ်တင်နေခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ ယူကရိန်းသည် မကြာခင်အချိန်အတွင်း ချေမှုန်းခံရလိမ့်မည်ဟု မိမိထင်ပါသည်”ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းသည် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို အနိုင်ရနိုင်မည် မဟုတ်ကြောင်းလည်း အမေရိကန် ဒုသမ္မတ J.D. Vance က လွန်ခဲ့သောရက်ပိုင်းက အလေးပေး ပြောကြားခဲ့ပါသည်။ J.D. Vance က “ယူကရိန်းသည် ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခကို အနိုင်ရရှိနိုင်မည် မဟုတ်ပါ။ ထို့အပြင် ဆက်လက်ဖြစ်ပွားနေသည့် ရန်လိုမှုများကြောင့် ရုရှားက ပြိုလဲသွားမည်ဟု မျှော်လင့်နေမှုများကလည်း တကယ့်ကို ထူးဆန်းပါသည်” ဟုပြောခဲ့ပါသည်။

ကိုးကား-NP News