အမေရိကန်သမ္မတ ထရမ့်က Mike Waltz အား အမျိုးသားလုံခြုံရေးအကြံပေးရာထူးမှ အနားပေးမည့်အကြောင်း အတည်ပြု
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Mike Waltz အား အမျိုးသား လုံခြုံရေးအကြံပေး တာဝန်မှ အနားပေးမည့်အကြောင်းကို အတည်ပြုခဲ့သည်။ သမ္မတထရမ့်က ကြာသပတေးနေ့ (မေ ၁) တွင် Waltz အား ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် အဆိုပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ၎င်း၏ တာဝန်များကို ယာယီထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သမ္မတထရမ့်က ၎င်း၏ Truth Social အကောင့်တွင် ကြာသပတေးနေ့က တင်ခဲ့သော ပို့စ်တစ်ခုတွင် “Mike Waltz အား ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်အတွက် အဆိုပြုရန် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်” ဟု ရေးသားခဲ့သည်။ ထို့အပြင် ထရမ့်က Waltz ၏ စွမ်းဆောင်ချက်များကို စစ်မှုထမ်းဟောင်း၊ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ချီးကျူးဂုဏ်ပြု ခဲ့သည်။
သို့ရာတွင် သမ္မတထရမ့်က Waltz ရာထူးမှ မည်သည့်အချိန်တွင် အနားပေးမည်ဆိုသည့်အချက်ကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။ Rubio သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်နှင့် အမျိုးသားလုံခြုံရေး အကြံပေးတာဝန်တို့အား ယာယီအားဖြင့် ပူးတွဲထမ်းဆောင်သွားမည်ဟုသာ ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အစားထိုးခန့်အပ်မည့် လူစာရင်းနှင့်ပတ်သက်၍လည်း သမ္မတထရမ့်က ဖော်ပြခဲ့ခြင်းမရှိပေ။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂