တရုတ်အနေဖြင့် ဈေးကွက်တွင် ဈေးလျှော့၍ ရောင်းချမည်မဟုတ်ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

News Image

  • တရုတ်အနေဖြင့် ဈေးကွက်တွင် ဈေးချရောင်းချမည် မဟုတ်ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးနှင့် အကောက်ခွန်စစ်ပွဲကြောင့် မိမိကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ ဈေးချရောင်းချမည်မဟုတ်ကြောင်း အိန္ဒိယသတင်းစာ Indian Express တွင် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်တွင် တရုတ်သံအမတ်ကြီး Xu Feihong က ပြောကြားထားပါသည်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေး ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန်အကောက်ခွန်များ မြှင့်တင်ခဲ့ကြပြီး သမ္မတဒေါ်နယ်ထရမ့် ရာထူးတက်သည့် ဇန်နဝါရီလမှစ၍ ကုန်ပစ္စည်းတစ်ခုချင်းစီကို ၁၀၀% အထိ အကောက်ခွန်တိုးမြှင့်ခဲ့ကြပါသည်။ အဆိုပါအခြေအနေမှာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်များကို လှုပ်ခတ်စေခဲ့ပါသည်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို အခြားဈေးကွက်များသို့ လွှဲပြောင်းရောင်းချနိုင်သည်ဟူသောစိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဖြစ်ပါက အခြားနိုင်ငံများ၏ တင်ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည်ပင် မကြာသေးမီက တရုတ်မှ တင်သွင်းလာသော သံမဏိပစ္စည်းများ၏ ဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ရန် အကောက်ခွန်ကို ၁၂% ယာယီ သတ်မှတ်ခဲ့သည်။

“ဝါရှင်တန်၏ အနိုင်ကျင့်မှုကို ရပ်တန့်ပါ” ဟူသော ခေါင်းစဉ်ဖြင့်   Indian Express သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးတွင် တရုတ်သံ အမတ်ကြီး Xu က တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားနှင့် စားသုံးမှုကို မြှင့်တင်ရန် အာရုံစိုက်နေကြောင်း ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းစည်းကမ်းများနှင့် ဈေးကွက်သတ်မှတ်ချက်များကို တိတိကျကျ လိုက်နာလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်ဝယ်လိုအားကျဆင်းစေရန် လုပ်ဆောင်ခြင်း သို့မဟုတ် အပြိုင်အဆိုင်ဈေးဖြတ်ခြင်းမျိုး ပြုလုပ်မည် မဟုတ်သလို အခြားနိုင်ငံများ၏ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများကိုလည်း နှောင့်ယှက်မည်မဟုတ်ပါကြောင်း သံအမတ်ကြီး Xu ၏ ပြောကြားချက်ကို ဆောင်းပါးက ဖော်ပြထားပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃