အိန္ဒိယက ပါကစ္စတန်နှင့်ပတ်သက်သောလေယာဉ်များအားလုံးကို ဝေဟင်အသုံးပြုခွင့်တားမြစ်
နယူးဒေလီ၊ ဆက်ဆံရေး
အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့်ပတ်သက်သော လေယာဉ်များကို ဝေဟင်အသုံး ပြုခွင့်တားမြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါလေယာဉ်များတွင် စစ်သုံးလေယာဉ်များလည်းပါဝင်သည်။ ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံအတွက် ဝေဟင်ကိုအသုံးပြုခွင့်တားမြစ်ခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ပါကစ္စတန်အစိုးရကအိန္ဒိယနိုင်ငံမှ လေယာဉ်များအတွက် ဝေဟင်အသုံးပြုခွင့်ကို တားမြစ်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှစီစဉ်သူများ၊ ကျူးလွန်သူများအနေဖြင့် တရားဥပဒေနှင့်အညီအပြစ်ပေးခံရမည်ဖြစ်ကြောင်း မေလ ၁ ရက်တွင်ပြောထားသည်။
အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့်ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ စစ်သွေးကြွများက ခရီးသွားပြည်သူများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦးသေဆုံးပြီးနောက် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်စပ်ရှိထိန်းချုပ်မျဉ်းတစ်လျှောက်၌ အိန္ဒိယနှင့်ပါကစ္စတန်စစ်သည်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ ယခုအခါသီတင်းပတ်တစ်ပတ်ရှိလာပြီဖြစ်သည်။ ယင်းပစ်ခတ်မှုများတွင်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့်ထိုပစ်ခတ်မှုများကိုပါကစ္စတန်ဘက်ကစတင်ခြင်းဖြစ်ကြောင်း အိန္ဒိယဘက်ကထုတ်ပြန်ထားသည်။
Ref: RT, AGC
Source: https://myawady.net.mm/