အမေရိကန်ဘက်က တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား
တရုတ်နိုင်ငံသည် စည်းကြပ်ခွန်စစ်ပွဲကို မတိုက်ချင်သော်လည်း တိုက်ရန် မကြောက်ရွံ့ကြောင်း ၊ အကယ်၍ အမေရိကန်ဘက်က ဆွေးနွေးမည်ဟု စီစဉ်ထားပါက တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန်နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေ ၃ ရက်တွင် ကျင်းပသည့် အများပြည်သူ လာရောက်လည်ပတ်ရန် သံရုံးဖွင့်လှစ်သည့်နေ့နှင့် ကန်းစုပြည်နယ် မိတ်ဆက်ပွဲအခမ်းအနားတွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ရှဲ့ဖုန်းက ပြောကြားခဲ့သည်။
အမေရိကန်သည် နိုင်ငံတကာကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာ ခံစားရကြောင်း၊ ကမ္ဘာတစ်ဝန်းမှ ဈေးနှုန်းချိုသာသော ကုန်ပစ္စည်းကောင်းများကို စံစားခွင့်ရသလို ဘဏ္ဍာရေး၊ သိပ္ပံနည်းပညာ၊ ဝန်ဆောင်မှု စသည့် ထပ်တိုးတန်ဖိုးမြှင့်ကဏ္ဍများတွင်လည်း သိသာထင်ရှားသော အားသာချက်ကို ရယူထားကြောင်း ရှဲ့ဖုန်းက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံရှိ အမေရိကန်လုပ်ငန်းကုမ္ပဏီများ၏ ရောင်းအားပမာဏသည် တရုတ် လုပ်ငန်းကုမ္ပဏီများ၏ အမေရိကန်နိုင်ငံတွင် ရောင်းအားပမာဏထက် ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ပိုများကြောင်း၊ တရုတ်-အမေရိကန်၏ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ယေဘုယျအားဖြင့် ဟန်ချက်ညီမှုနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းမှုရှိကြောင်း၊ စည်းကြပ်ခွန်ကို အလွဲသုံးခြင်းသည် နှစ်ဖက်စလုံးကို ထိခိုက်စေသလို ကုမ္ပဏီလုပ်ငန်းများ ပုံမှန် ထုတ်လုပ်လည်ပတ်မှုနှင့် ပြည်သူလူထု စားဝတ်နေရေးသုံးစွဲမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေး ဈေးကွက်ကို ပြင်းပြင်းထန်ထန်ဂယက်ထစေပြီး ကမ္ဘာ့စီးပွားရေး ရေရှည်တည်ငြိမ်စွာ တိုးတက်ရေးကို ပျက်စီးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့် တံခါးဖွင့်လှစ်ရေး၏ တည်ငြိမ်မှုကို ဆက်လက်ဆောင်ရွက်ကာ ပြင်ပ မတည်ငြိမ်မှုများအား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ရှဲ့ဖုန်းက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဒုတိယအကြီးဆုံး စားသုံးသူ ဈေးကွက် ဖြစ်သလို ပမာဏအကြီးမားဆုံးသော ဝင်ငွေအလယ်အလတ်အဆင့်ရှိ လူအုပ်စုရှိရာ နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော် ၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် ဖြစ်နေကြောင်း၊ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ထွန်းထွန်းတောက်တောက် ဖြစ်ခဲ့ရာ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP)သည် ယမန်နှစ် ကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးမြင့်လာသလို တင်ပို့မှုကဏ္ဍတွင် ဖိအားများကို ရေဆန်တက်၍ ၆.၉ ရာခိုင်နှုန်း တိုးတက်လာပြီး နိုင်ငံတကာဈေးကွက် မိတ်ဆွေအသိုက် အဝန်း ပို၍ ကြီးမားလာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Xinhua