အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှ AI ကုမ္ပဏီ G42 အမေရိကန်သို့ ချဲ့ထွင်ရန်စီစဉ်
အဘူဒါဘီ၏ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Mubadala မှ အားဖြည့်ထောက်ပံ့ထားသော UAE အခြေစိုက် AI အုပ်စု G42 သည် အမေရိကန် ဈေးကွက်သို့ ချဲ့ထွင်ရန် စီစဉ်နေကြောင်း Financial Times (FT) က ဖော်ပြခဲ့သည်။ သတင်းစာတွင် ကုမ္ပဏီသည် ဒေါ်လာဘီလီယံချီ၍ ရင်းနှီးမြှုပ်နှံကာ အမေရိကန်တွင် အခြေစိုက်မည်ဟုဆိုသည်။
အမေရိကန်သည် AI နှင့် ဆီမီးကွန်ဒတ်တာ ကဏ္ဍတွင် ဦးဆောင်နေသော်လည်း အခြားနိုင်ငံများကလည်း မိမိတို့၏ ကိုယ်ပိုင် AI နည်းပညာနှင့် ချစ်ပ်များ ဖွံ့ဖြိုးရန် စုပေါင်းအားထုတ်လာကြသည်။
FT ၏ တနင်္ဂနွေ (မေ ၄) ထုတ် ဆောင်းပါးတွင် G42 ကိုယ်စားလှယ်၏ အတည်ပြုချက်ကို ကိုးကားခဲ့ပြီး ၎င်းတို့သည် “အမေရိကန်ဈေးကွက်သို့ ချဲ့ထွင်ရန် ရည်မှန်းထားကာ ယင်းနည်းဗျူဟာအတွက် ဥပဒေရေးရာအခြေစိုက်ဌာန (Legal Entity) ပင် ထူထောင်ပြီးဖြစ်သည်” ဟု ဖော်ပြ ခဲ့သည်။
G42 ကို UAE ၏ အမျိုးသား လုံခြုံရေး အကြံပေး Sheikh Tahnoon bin Zayed al-Nahyan မှ ဦးဆောင်ပြီး ၎င်းသည်နိုင်ငံ၏ AI ကို ဗဟိုပြုသော စီးပွားရေးကွဲပြားမှု တွန်းအားပေးမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလတွင် Microsoft သည် UAE အုပ်စုရှိ လူနည်းစု အစု ရှယ်ယာတစ်ခုအတွက် G42 တွင် ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့သည်။ အခြားအမေရိကန် ရင်းနှီးမြှုပ်နှံသူများဖြစ်သော Ray Dalio မိသားစုနှင့် Private Equity ကုမ္ပဏီ Silver Lake တို့လည်း G42 တွင် ရင်းနှီးမြှုပ်နှံထားသည်။
၂၀၂၃ ခုနှစ်တွင် G42 သည် အမေရိကန် စည်းမျဉ်းများနှင့် လိုက်လျောညီထွေရှိစေရန် Huawei ကဲ့သို့သော အမေရိကန်ပြိုင်ဘက်တရုတ် Hardware ပေးသွင်းသူများနှင့် အဆက်အသွယ်ဖြတ်တောက်ထားကြောင်း ကြေညာ ခဲ့သည်။
UAE ၏ AI ကုမ္ပဏီကြီး G42 သည် အမေရိကန်ဈေးကွက်သို့ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး နိုင်ငံတကာ AI နှင့် နည်းပညာ ပြိုင်ဆိုင်မှုတွင် အာရပ်ကမ္ဘာ၏ နည်းပညာရပ်ဝန်းကို မြှင့်တင်ရန် ရည်ရွယ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂