အာဆီယံ + ၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) နိုင်ငံများက လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေးစနစ်အား အပြည့်အဝ ထောက်ခံကြောင်း ထပ်မံအတည်ပြု

News Image

  • အာဆီယံ + ၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) နိုင်ငံများက လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေးစနစ်အား အပြည့်အဝ ထောက်ခံကြောင်း ထပ်မံအတည်ပြု

အာဆီယံ + ၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) နိုင်ငံတို့သည် လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို အပြည့်အဝ ထောက်ခံကြောင်း ထပ်မံ အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့် ကောက်ခံမှုများကြောင့် အာရှဒေသ၏ စီးပွားရေးထိခိုက်နိုင်ခြေကို စိုးရိမ်မှုများ မြင့်တက် နေချိန်တွင် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

မေလ ၄ ရက်နေ့တွင် အီတလီနိုင်ငံ၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် အာဆီယံ+၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများက ပူးတွဲကြေညာချက်တစ်ရပ် ကို ထုတ်ပြန်ခဲ့သည်။ 

အဆိုပါကြေညာချက်တွင် “၎င်းတို့၏ ဒေသတွင်း စီးပွားရေးအခြေအနေသည် မတည်မငြိမ်ဖြစ်နိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်ပကုန်သွယ်မှုက ပြည်တွင်းကုန်သွယ်မှုအား ယှဉ်ပြိုင်မှု တဖြည်းဖြည်း မြင့်တက်လာခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိပြီး ထိုမှတစ်ဆင့် စီးပွားရေးကျဆင်းစေကာ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးစီးဆင်းမှုများကို ထိခိုက်စေသည်” ဟု ဖော်ပြထားသည်။ 

ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အခြေခံသော စည်းမျဉ်းများနှင့်အညီလွတ်လပ်မျှတ၍ ဘက်မလိုက်သော၊ နိုင်ငံအားလုံး ပါဝင်နိုင်သော ပွင့်လင်းမြင်သာသည့် ကုန်သွယ်ရေးစနစ်ကို အပြည့်အဝ ထောက်ခံကြောင်း နိုင်ငံ့ခေါင်းဆောင်အကြီးအကဲများအားလုံးက ထပ်မံကတိပြု ပြောကြားခဲ့ပြီး ဒေသတွင်းကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။ 

“ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ၎င်း၏ ကုန်သွယ်ခွန်တိုးမြှင့် ကောက်ခံခြင်းဆိုင်ရာ အစီအမံများကို ပြန်လည်သုံးသပ်ရန် အလေးအနက် တိုက်တွန်းမည်” ဟု ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Kato Katsunobu က အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့အပြင် အာဆီယံ+၃ နိုင်ငံများသည် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံအချင်းချင်း သဘောထားအမြင်များ အပြန်အလှန်ဖလှယ်ရန် အရေးကြီးကြောင်း Kato Katsunobu က ဖြည့်စွက်ပြောကြားခဲ့သည်။  

ကိုးကား-NHK

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃