ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ်  မေ ၇

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ မတ်လအတွင်းက ငါးသလဲထိုး ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေ ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသဈေးကွက်တွေကို တင်ပို့ရောင်းချနေပါတယ်။ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိဒေသထွက် ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေပါတယ်။ ဈေးကတော့ လတ်ဆတ်မှုအပေါ် မူတည်တာပေါ့။ အခုလို အရောင်းအဝယ်ကောင်းလာတာကြောင့် ကုန်သည်တွေနဲ့ ရေလုပ်သားတွေ အဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ရေထွက်ကုန်များ တင်ပို့ရောင်းအား ကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်လုပ်ငန်း၊ ရေလုပ်သားများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ အဆင်ပြေနေကြောင်းသိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ