BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးသည် မေ ၈ ရက်နံနက်ပိုင်း၌ပင် BRICS အမျိုးသမီးစီးပွားရေးမဟာ မိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံမှုတွင် မစ္စအန်နာက မကြာခင်ပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့်စီးပွားရေး နယ်ပယ်စုံက အမျိုးသမီးတွေ ပါဝင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရေး၊ ခရီးသွားလုပ်ငန်းများတွင်ပူးပေါင်းပါက မြန်မြန်ဆန်ဆန်တိုးတက်နိုင်ကြောင်း၊ အဆိုပါကဏ္ဍများတွင် အမျိုးသမီးများခြင်းကြောင့် ထိုကဏ္ဍကို ပိုဦးစားပေးပြီး လုပ်ဆောင်သင့်ကြောင်း၊ ပညာရေးနဲ့ စာရင်းအင်းကဏ္ဍများရှိ ၄၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၄င်းတို့ အခွင့်အရေးကို ပိုမိုရရှိအောင် ဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင်နေကြကြောင်း၊
ဘရစ်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊တရုတ်၊တောင်အာဖရိကတို့မှအမျိုးသမီးများဖြင့်ဖွဲ့စည်းပါဝင်ကြောင်း၊ နိုင်ငံတကာတွင်အောင်မြင်နေသော လုပ်ငန်းရှင်အမျိုးသမီးများကို ကြိုဆိုလျက်ရှိကြောင်း၊ ဘရစ်အနေဖြင့် ပညာရေး၊ ကျန်းမာရေး ၊ခရီးသွားလုပ်ငန်း၊ IT လုပ်ငန်းများအား အလေးပေး အာရုံပြုပြီးလုပ်ဆောင်နေကြောင်း၊ အမျိုးသမီးစီးပွါးရေး စွန့်ဦးတီထွင်သူများကိုလည်း အမှတ်ပေးပြိုင်ပွဲရှိပြီး အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးများအပြင်အခြား စိတ်ဝင်စားသူများလည်း ပါဝင်လိုကြောင်း စာရင်းပေးထားနေကြကြောင်း၊ BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသဖြင့် မြန်မာနိုင်ငံဖက်မှလည်း ကူညီပေးစေလိုကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ က အမျိုးသမီးစွန့်ဦး တီတွင်မှုအခန်းကဏ္ဍကိုမြင့်တင်လို၍လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အရေးပါသော ယန္တရားတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြောင်းတွေ့ရသဖြင့် လေးစားကြောင်း၊ မြန်မာကလည်း BRICS အဖွဲ့ဝင်ဖြစ်ရေး အလှည့်ကျ ဥက္ကဋ္ဌထံ လျှောက်ထားပြီးဖြစ်ကြောင်း၊ မိတ်ဖက်အဖြစ် ဆန္ဒရှိသဖြင့် BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကူညီပေးစေလိုကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအနေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသာမက အခြားသော လှုမှုရေးအသင်းအဖွဲ့များကလည်း ဆောင်ရွက်နေကြောင်း၊ကမ္ဘာ့ရေးရာမှာလည်း အမျိုးသမီးများကဏ္ဍကို အသိအမှတ်ပြုအားပေးရမည့်အချိန်ရောက်နေသည်ဟု ခံယူထားကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးစွန့်ဦးတီထွင်သူများကဏ္ဍတွင် တာဝန်များကို အောင်မြင်စွာထမ်းဆောင်နေသော အမျိုးသမီးအတွက် ဂုဏ်ယူပါကြောင်း၊ အနာဂတ်မှာလည်း ကျန်းမာပျော်ရွှင်စွာ အဆင့်မြင့်တာဝန်များထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းခြင်း၊ ၇၇ နှစ်တိုင်လာပြီဖြစ်သည့် နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရေးကိုလည်း ဆက်လက်ခိုင်မြဲအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ပထမဆုံး သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများတွင် ရုရှားနိုင်ငံ ပါဝင်သဖြင့် ရုရှားနိုင်ငံနှင့်ကဏ္ဍအရပ်ရပ်မှာ ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၏ ဇနီး ဒေါ်နန်းကူးကူ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒု-ဥက္ကဋ္ဌဒေါ်ခင်မေစိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး၊စစ်သံမှူး ဇနီး တို့တက်ရောက်ခဲ့ကြသည်။
Ref: Popular Myanmar