ကင်ညာတရားရုံးက ရှားပါးမျိုးစိတ် ပုရွက်ဆိတ်များ တရားမဝင် တင်ပို့မှုဖြင့် နိုင်ငံခြားသား ၄ ဦးအား ပြစ်ဒဏ်ချမှတ်

News Image

  • ကင်ညာတရားရုံးက ရှားပါးမျိုးစိတ် ပုရွက်ဆိတ်များ တရားမဝင် တင်ပို့မှုဖြင့် နိုင်ငံခြားသား ၄ ဦးအား ပြစ်ဒဏ်ချမှတ်

ကင်ညာနိုင်ငံတွင် ရှားပါး “Giant African Harvester Ant” အပါအဝင် ပုရွက်ဆိတ်ဘီလီယံပေါင်းများစွာကို တရားမဝင်တင်ပို့ရန် ကြိုးပမ်းမှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနှင့် ကင်ညာနိုင်ငံသား ၁ ဦးအား တစ်ဦးလျှင် ဒေါ်လာ ၇,၇၀၀ (သို့) ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်သည်။

အနောက်ကင်ညာရှိ နိုင်ဗာရှာမြို့ (Naivasha) တွင် ယခုလအတွင်း ပုရွက်ဆိတ်ဘုရင်မ ၅,၀၀၀ ခန့် (အထူးသဖြင့် Messor cephalotes မျိုးစိတ်) ကို သယ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။” ထိုပုရွက်ဆိတ်များကို ဝါသနာအလို့ငှာ စုဆောင်းခြင်းသာဖြစ်ပြီး ဥပဒေနှင့် ဆန့်ကျင်ကြောင်း သိရှိခြင်းမရှိပါ” ဟု တရားခံများက ပြောဆိုခဲ့ကြသည်။

“ထိုမျှများပြားသော ပမာဏနှင့် ရှားပါးမျိုးစိတ်များကို စုဆောင်းခြင်းသည် တိရစ္ဆာန်အရင်းအမြစ်များကို အမြတ်ထုတ်ရန် ရည်ရွယ်ချက်ရှိသည့် ရာဇ၀တ်မှု” ဖြစ်သည်ဟု တရားသူကြီးကရှင်းလင်းစွာ ဖော်ပြခဲ့သည်။

Messor cephalotes (Giant African Harvester Ant) သည် အာဖရိကတိုက်၏ ဇီဝမျိုးကွဲထိန်းသိမ်းရေးအတွက် အရေးပါသော မျိုးစိတ်ဖြစ်ပြီး ဥရောပနှင့် အာရှရှိ အိမ်မွေးတိရစ္ဆာန်ဈေးကွက် (exotic pet trade) တွင် တစ်ကောင်လျှင် ဒေါ်လာရာဂဏန်းပမာဏဖြင့် ရောင်းချနိုင်သည်။

ကင်ညာသစ်တောနှင့် တောရိုင်းတိရစ္ဆာန်အာဏာပိုင်များက အဆိုပါ အရေးယူမှုကို “ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးအတွက် သတိပြု ဆင်ခြင်စရာ” အဖြစ် မှတ်ချက်ပြုခဲ့သည်။

Interpol ၏ ထုတ်ပြန်ချက်အရ အာဖရိကမှ အင်းဆက်ပိုးမွှားနှင့် ရှားပါးတိရစ္ဆာန်များ ခိုးထုတ်မှုသည် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် မှောင်ခိုလုပ်ငန်းဖြစ်နေဆဲဖြစ်သည်ဟု သိရှိရသည်။ ကင်ညာသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို တင်းကျပ်စွာ အကောင်အထည် ဖော်ဆောင်လျက်ရှိသော နိုင်ငံတစ်ခုဖြစ်ပြီး တိရစ္ဆာန်များ၏ မျိုးသုဉ်းမှုအန္တရာယ်ကို ကာကွယ်ရန် ထိုကဲ့သို့သော အရေးယူမှုများ ဆက်လက် ပြုလုပ်နေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂