တိုယိုတာ၏ အမြတ်ငွေ ၂၁% ကျဆင်းမည်ဟု ခန့်မှန်း

News Image

  • တိုယိုတာ၏ အမြတ်ငွေ ၂၁% ကျဆင်းမည်ဟု ခန့်မှန်း

ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် တိုယိုတာကုမ္ပဏီသည် လက်ရှိဘဏ္ဍာရေးနှစ်အတွက် လည်ပတ်မှု အမြတ်ငွေ ၃.၈ ထရီလီယံ ယန်း (အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ) ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ယခုခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ် မတ်လ တွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်က ၄.၈ ထရီလီယံ ယန်းရရှိခဲ့သည့် နှင့်နှိုင်းယှဉ်လျှင် ၂၁% ကျဆင်းမည်ဖြစ်ပါသည်။

ထိုသို့ကျဆင်းရသည့်အဓိကအကြောင်းအရင်းများမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် တိုးမြှင့်လိုက်ခြင်းကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ဝယ်ယူလိုသူများ၏ ဝယ်လိုအား ကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရခြင်း၊ ယန်းငွေတန်ဖိုးတက်လာခြင်း၊ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကုန်ထုတ်စရိတ် ပိုမိုများပြားလာခြင်း တို့ကြောင့် ဖြစ်ပါသည်။

အခြားကမ္ဘာကျော် ကားထုတ်လုပ်ရေးကုမ္ပဏီများကဲ့သို့ပင် တိုယိုတာသည် အမေရိကန်ရှိ စက်ရုံများကို ထပ်မံတိုးချဲ့မည်ဆိုပါက အလုပ်သမား လုပ်ခ ကုန်ကျစရိတ်မြင့်မားမှုနှင့် ရင်ဆိုင်ရနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု စရိတ် ပိုမိုကျခံရနိုင်သည်ဟု သိရပါသည်။

တိုယိုတာသည် တရုတ်ဈေးကွက်တွင် အခြားဂျပန်ကားများထက် ရောင်းအားကျဆင်းမှု နည်းပါးသော်လည်း   တရုတ်ကားများ၏ အပြင်းအထန်ယှဉ်ပြိုင်မှုကြောင့် ကမ္ဘာ့အကြီးဆုံးကားဈေးကွက်တွင် ရောင်းအားကျဆင်းမှုကို ကာကွယ်ရန် ရုန်းကန်နေရဆဲဖြစ်ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃