တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှု ရလဒ်များကို ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များအပေါ် ကြိုဆိုကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက်“အလွန်အပြုသဘောဆောင်သော” အချက်ပြမှုတစ်ခုဖြစ်သည်ဟု ယူဆကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုသည် “အလွန်ကောင်းမွန်သော အစပြုခြင်းတစ်ခုဖြစ်သည်မှာ သိသာ”ကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက် “အလွန် အပြုသဘော ဆောင်သော” အချက်ပြမှုတစ်ခုဖြစ်ကြောင်း၊ “ကမ္ဘာကြီးအတွက် ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့်ရန် မလိုအပ်ပါ၊ လိုအပ်သည်က ဆွေးနွေးရေးလုပ်ရန်ဆိုသည်ကို မိမိတို့အနေဖြင့် အမြဲအလေးပေးပြောပါသည်”၊ ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးအုပ်စုနှစ်ခုက အပြုသသောဆောင်သော၊ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခြင်းသည် လူအားလုံးအပေါ် အကျိုးရှိကြောင်း Stephane Dujarric က အဆိုပါနေ့တွင် သတင်းထောက်များ၏ မေးမြန်းမှုဖြေကြားရာတွင် ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်အပေါ် ဂူတာရက်စ်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ “စီးပွားရေး ချိတ်ဖြုတ်ခြင်း” ဟူသည်ကို ဆန့်ကျင်သလို “ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူဟူ၍မရှိနိုင်ကြောင်း” အလေးအနက်ပြောကြားခဲ့သည်ဟု Stephane Dujarric က ထပ်မံပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပခဲ့ရာ နှစ်ဖက်သည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိသော ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍတွင် အရေးကြီးသော သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း၊ နှစ်ဖက်က “တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့်ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှု ပူးတွဲကြေညာချက်” ကို မေ ၁၂ ရက် တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua
Photo: Daily Excelsior