ထရမ့်၏ ပထမဦးဆုံးအကြိမ် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ဆော်ဒီ နိုင်ငံ၏ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ရရှိခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျနှင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို လုပ်ဆောင်နိုင်ခဲ့သည်။ အဆိုပါဝယ်ယူမှု သဘောတူညီချက်တွင် အမေရိကန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများအား ဝယ်ယူမှုမှာ အများဆုံး ဖြစ်သည်။
ထရမ့်က အိမ်ရှေ့မင်းသား Mohammed bin Salmanနှင့် မြို့တော်ရီယက်တွင် မတ်လ ၁၄ ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ထိုသို့ဆွေးနွေးစဉ် အမေရိကန်၌ တိုက်ခိုက်ရေးလေယာဉ်များ၊ ဒုံးကျည်များ၊ လက်နက် စနစ်များစသည့် အကောင်းဆုံးစစ်လက်နက်ပစ္စည်းများ ရှိသည့်အနက်မှ လက်နက်အမျိုးအစား များစွာကို ဝယ်ယူခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။
အိမ်ဖြူတော်က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျ တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်ဖြစ်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် သဘောတူညီခဲ့ကြကြောင်းနှင့် အမေရိကန်၌ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကိုလည်း ဆော်ဒီအာရေဗျထံမှ ကတိကဝတ် ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ ၆၀၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုတွင် ဒေါ်လာ၁၄၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူမည့်အစီအစဉ်လည်းပါဝင်သည်။ ထို့အပြင် အမေရိကန်အနေဖြင့် ဒုံးလက်နက် ကာကွယ်ရေး၊ ရေကြောင်းလုံခြုံရေးနှင့် ခေတ်မီတပ်မတော်ဖြစ်ရေးနှင့် ဆက်စပ်သည့်ပစ္စည်းကိရိယာများကိုလည်း ရောင်းချ သွားမည် ဖြစ်ပါသည်။
ဆော်ဒီခေါင်းဆောင်ပိုင်းများအနေဖြင့်လည်း ဒေသအတွင်း သာလွန်ကောင်းမွန်သော တပ်မတော်အဖြစ် ရပ်တည် နိုင်ရန် အဆိုပါပစ္စည်းများကို ဝယ်ယူခွင့်ရရှိရေး မျှော်လင့်လျက်ရှိသည်။
ထရမ့်အနေဖြင့် ဆော်ဒီအာရေဗျမှ မထွက်ခွာမီ မေလ ၁၄ ရက်နေ့တွင် ဆီးရီးယားကြားဖြတ်သမ္မတ Ahmed al-Sharaa နှင့် တွေ့ဆုံရန်စီစဉ်ထားပြီး ဆီးရီးယားအပေါ်ထားရှိသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဖယ်ရှားပေးသည့် အမိန့်တစ်ရပ်ကိုလည်း ထုတ်ပြန်သွားရန် စီစဉ်ထားရှိသည်။ ထို့နောက် ထရမ့်သည် ကာတာနှင့် ယူအေအီးနိုင်ငံ များသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄