အခွန်မက်လုံးပေးမည့် အစီအစဉ် ထိုင်းဆုံးဖြတ်မည်

News Image

  • အခွန်မက်လုံးပေးမည့် အစီအစဉ် ထိုင်းဆုံးဖြတ်မည်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အခွန်မူဝါဒကြောင့် ထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ဆိုင်ရာ မက်လုံးအသစ်များပေးရန် အစီအစဉ်ကို လာမည့်အပတ်တွင် ဆုံးဖြတ်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။  အဆိုပါအစည်းအဝေးကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ဖီချိုင်း ချန်ဟာဝီဇရာ ဦးဆောင်မည့် မေလ ၁၉ ရက်နေ့တွင် ကျင်းပမည့် BoI ဘုတ်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးသွားကြပါမည်။ အခွန်နှင့်အခွန်တိုးများကို အသေးစိတ်ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံသူများ ကုန်သွယ်မှု အခွန်ပြဿနာကို ဖြေရှင်းနိုင်ရန် ကူညီမည့်နည်းလမ်းများ ရှာဖွေမည်ဟု BoI အထွေထွေ အတွင်းရေးမှူး နာရိတ် သာဒီရာဆူဒီက ပြောကြားထား ပါသည်။ 

ဒေါ်နယ်ထရမ့်၏ အခွန်မူဝါဒသစ်မှာ ထိုင်းတင်ပို့ကုန်များအတွက် ၃၆% အခွန်နှုန်း (ဧပြီ ၉ ရက်မှ စတင်) ၊ ယာဉ်တင်ပို့မှုအတွက် ၂၅% အခွန်နှုန်း (ဧပြီ ၂ ရက်မှ စတင်) ၊ အင်ဂျင်၊ ဂီယာဘောက်စ်နှင့် အခြား အရေးကြီးသော ယာဉ်အစိတ်အပိုင်းများအတွက် ၂၅% အခွန် (မေလ ၃ ရက်မှစ၍) သတ်မှတ်ထားပါသည်။

ထိုင်း GDP ၏ ၁၂% ကိုထောက်ပံ့သည့် မော်တော်ယာဉ်နှင့် အီလက် ထရောနစ်လုပ်ငန်းများ အထူးထိခိုက်နိုင်ပြီး ပြီးခဲ့သည့်ခုနှစ်တွင် ထိုင်း နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှု ပိုလျှံငွေ ၃၅ ဘီလီယံကျော် (၁.၂ ထရီလီယံဘတ်) ရရှိခဲ့ပါသည်။ အမေရိကန်က အခွန်စည်းကြပ်မှုကို ရက် ၉၀ ကြာ ရွှေ့ဆိုင်းပေးထားပြီး ထိုင်းအစိုးရအနေဖြင့် အမေရိကန် အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် အခွင့်အလမ်းရရှိနေသေးပါသည်။ ဒေါက်တာ ဖီချိုင်းက ထိုင်းထုတ်လုပ်သူများအနေဖြင့် ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှု များကို ရင်ဆိုင်နိုင်ရန် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ချိန်ညှိသင့်သည် ဟု သတိပေးပြောကြားထားပါသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃