အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ

News Image

  • အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ

အစိုးရကိုနာမည်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ပြောသည်။

အညာ PDF များသည် အချိန်ကာလ (၄) နှစ်ကျော် ကြာမြင့်လာပြီးနောက် လက်နက်ကိုင်လမ်းစဉ်အရ လှုပ်ရှားနယ်မြေများကျဉ်းမြောင်းလာခဲ့ရာမှ အရပ်သားများအတွင်း ရောနှောနေထိုင် စခန်းချကာ အကာအကွယ် ယူလာကြောင်း သိရသည်။ ပြည်သူများအကြားနေထိုင်ကာ လက်နက်ထုတ်လုပ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အများပြည်သူပိုင် နေရာများတွင် ဝင်ရောက်နေထိုင်ခြင်း၊ လူနေအိမ်များတွင် နေထိုင်ခြင်းများကို ပြုလုပ်နေကြခြင်းဖြစ်ပြီး တပ်မတော်က တိုက်ခိုက်မှုများပြုလုပ်လျှင် အရပ်သားများ သေဆုံးသည်ကို အကြောင်းပြလေ့ရှိကြောင်း သိရသည်။

“သေချာတာကတော့ သူတို့ (PDF) သည် လူသားတံတိုင်း အကာကွယ်လုပ်ထားတာဖြစ်သလို တမင်သက်သက်အရပ်သားတွေကို ထိခိုက်အောင် လုပ်နေတာဆိုတဲ့ ဝါဒဖြန့်မှုကို အဓိကသွားနေတယ်လို့ပဲ ကျွန်တော် ကတော့ သုံးသပ်တယ်။ ကျန်တာတော့ အခုနောက်ပိုင်း လက်နက်ကိုင် လမ်းစဉ် မအောင်မြင်ဘူးလို့ ခံစားလာမိပါလိမ့်မယ်။ မဖြစ်ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ အစိုးရဘက်ကို နာမည်ဖျက်ဖို့နဲ့ တမင်သက်သက်ဝါဒဖြန့်ဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု ဦးသိန်းထွန်းဦး က ပြော သည်။

ထိုသို့ PDF များက လူသားတံတိုင်း အသုံးပြုရန် အရပ်သားများအတွင်း ဝင်ရောက်နေထိုင်လှုပ်ရှားမှုသည် ဒေသခံများအဖို့မနှစ်မြို့သော်ငြား လက်နက်ကိုင်ဆောင်ထားသည့်အတွက် နီးရာဓားကြောက်ရခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်နက်ကအားလုံးကို အဆုံးအဖြတ်ပေးနေတဲ့အချိန်မှာ လက်နက်ကိုင်နေတဲ့၊ ခေါ်ဆောင်တဲ့ နောက်ကို လိုက်ကြရမှာပဲ။ ဆိုလိုတာက အစိုးရဘက်ဆိုတာက ဘယ်လိုပဲပြောပြော တစ်ခုခုမှားယွင်းသွားရင်တောင် တရားဥပဒေက ခုခံတာကို ကာကွယ်တာတို့ရှိသေးတယ်။ လက်နက်ကိုင် ကြီးစိုးတဲ့နေရာမှာ တစ်ခုခုမှားသွားရင် လက်ညှိုးတစ်ချက်ကွေး ဒိုင်း ဆိုတာနဲ့ ဒီလူကပြီးသွားပြီ။ အဲဒီလိုအခြေနေမျိုးမှာ လက်နက်ကိုင် ထားတဲ့ လူတွေရဲ့နောက်ကိုလိုက်ကြရမှာပဲ။ တချို့ကတော့ မလွန်ဆန် နိုင်ဘဲလိုက်ကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ တချို့ကလည်း ကိုယ်တိုင် ကို စိတ်ပါဝင်စားလို့ လုပ်နေကြတဲ့လူတွေလည်း ရှိမှာပေါ့။ အဲဒါကတော့ အခြေနေပေါ်မူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကနေ သူတို့ ကိုယ်တိုင် အသိစိတ်နဲ့ ခွာနိုင်အောင်ကြိုးစားမှပဲ အဆင်ပြေလိမ့်မယ် ထင်တယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် PDF များသည် တော်လှန်ရေးဟုသာ အမည်တပ်ထား သော်လည်း ကိုယ်ကျိုးစီးပွားနှင့် အသာရမည်ဆိုပါက မည်သည့် နည်းလမ်းမဆိုအသုံးပြုနိုင်သည့် ဥပဒေမဲ့အဖွဲ့အစည်းပင်ဖြစ်ကြောင်း ဦးသိန်းထွန်းဦး က ဆိုသည်။

“ကိုယ်အနိုင်ရဖို့ပဲ ဘယ်နည်းလမ်းကိုမဆို သုံးမယ်ဆိုတာက အထူးသဖြင့် တရားဥပဒေဘောင် ထဲကမဟုတ်တဲ့ လက်နက်ကိုင်တွေဆီမှာတော်တော်များများတွေ့ရတယ်။ အဲဒါက ဟိုးအရင်ကတည်းက ဦးသိန်းစိန် လက်ထက်တည်းက အထူးသဖြင့် ပြည်ပမီဒီယာတွေကလည်း ဖိအားပေးတဲ့အထဲမှာ ဘာပါလဲဆိုတော့ တပ်မတော်ဘက်က အမြဲတမ်း ဘယ်လို ဖြစ်တယ်ဆိုပြီး အမြဲတမ်းလက်ညှိုးထိုးတယ်။ လက်ညှိုးထိုးလို့ ဘာလို့ရလဲဆိုတော့ တပ်က စည်းမျဉ်းစည်းကမ်းတွေနဲ့ နေရတဲ့လူကို။ အရပ်ဘက် စည်းမျဉ်းရော တပ်ဘက်စည်းမျဉ်းရော နေရတဲ့လူဆိုတော့ သူတို့လက်ညှိုးထိုးလို့ကောင်းတယ်။ ဒါပေမဲ့ သူတို့လက်နက်ကိုင်တွေ ဘက်ကို သူတို့လက်ညှိုးမထိုးရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့ဥပဒေက တစ်ထပ်ပဲလေ။ အခြေနေမကောင်းလို့ တစ်ချက်ပဲ လက်ညှိုးကွေးလိုက်တာနဲ့ ကွေးလိုက်မှာဆိုတော့ လက်ညှိုးမထိုးရဲဘူး” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အလားတူ စစ်ကိုင်းမြို့နယ်တွင်လည်း တပ်မတော်နှင့် PDF အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး PDF များ၏ လူနေအိမ်များအတွင်းမှ တပ်မတော်စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ နေအိမ်များအတွင်း ဗုံးထောင်ခြင်းနှင့် လူသားတံတိုင်း လုပ်ဆောင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။ အရပ်သားများကို လူသား တံတိုင်းအဖြစ် အသုံးပြုခြင်းသည် နိုင်ငံတကာသဘောတူညီချက်များ၊ ဥပဒေများအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား- NP News