ဘန်ကောက်-ကွာလာလမ်ပူ တိုက်ရိုက်ရထားခရီးစဉ် ယခုနှစ်အတွင်း ပြန်လည်ဖွင့်လှစ်မည်
မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့တော်များအကြား တိုက်ရိုက် ရထားလမ်း ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်များကို အတည်ပြုခဲ့သည်။
The Independent သတင်းဌာနအရ မလေးရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Anthony Loke Siew Fook သည် ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit တို့နှင့် အဆိုပါအစီအစဉ်ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။
Loke က မလေးရှား၏ အဓိကရထားလုပ်ငန်းလုပ်ကိုင်သူ Keretapi Tanah Melayu Berhad (KTMB) နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် ရထားလုပ်ငန်း State Railway of Thailand (SRT) တို့အား နယ်စပ်ဖြတ်ကျော်ရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးအပ်ထားကြောင်း ကြေညာ ခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြို့နှစ်မြို့ကို ဆက်သွယ်ထားသောရှိနှင့်ထားပြီးသော ရထားလမ်းအခြေခံအဆောက်အအုံကို အသုံးပြုမည် ဖြစ်သည်။
မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က Bernama သတင်းဌာနအား “ထိုလုပ်ငန်းအတွက် ရထားလမ်းအသစ် တည်ဆောက်ရန် မလိုအပ်သော်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းမှု၊ ပူးပေါင်းစျေးကွက် ရှာဖွေရေးနှင့် ပူးတွဲလက်မှတ်ရောင်းချမှုများ လိုအပ်ပါသည်” ဟု ပြောကြားခဲ့သည်။
ပြန်လည်ဖွင့်လှစ်မည့် ရထားလိုင်းသည် ခရီးသည်များအား ဘန်ကောက်နှင့် ကွာလာလမ်ပူအကြား ရထားလဲစီးစရာမလိုအပ်ဘဲ ခရီးသွားနိုင်မည်ဖြစ်သည်။ သို့သော် ခရီးသွားချိန်ကြာမြင့်မှုနှင့် လက်မှတ်စျေးနှုန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခုအချိန်ထိ အတည်မပြုရသေးပါ။
ထိုင်းနိုင်ငံ၏ SRT ရထားလုပ်ငန်းသည် ယခင်က ဘန်ကောက်မှ ကွာလာလမ်ပူအနီး Butterworth အထိ အမြန်ရထားလိုင်းကို လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် အဆိုပါလမ်းကြောင်းကို ရပ်နားခဲ့ပြီး ယခုအခါ ထိုင်း-မလေးရှားနယ်စပ်ရှိ Padang Besar ဘူတာအထိသာ သွားရောက်နိုင်ပါသည်။
မလေးရှား၏ Ipoh–Padang Besar Electrified Double Track Project (EDTP) ပြီးစီးချိန်တွင် ထိုင်း၏ ဒီဇယ်ရထားများသည် Padang Besar နယ်စပ်ဘူတာကို ကျော်ဖြတ်၍ မသွားနိုင်တော့သဖြင့် အဆိုပါ လမ်းကြောင်း ကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂