အိန္ဒိယအစိုးရထံမှ ကုန်သွယ်ရေးကန့်သတ်မှုဆိုင်ရာ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် စီးပွားရေး အကြံပေး ပြောကြား
ဘင်္ဂလားဒေ့ရှ်အပေါ် အိန္ဒိယ၏ ကုန်သွယ်ရေးကန့်သတ်မှုဆိုင်ရာ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း ၊ အိန္ဒိယ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တရားဝင်အချက်အလက်များ မိမိတို့ မသိရှိသေး ရကြောင်း၊ တရားဝင်အကြောင်းကြားစာရပါက အရေးယူ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး အခက်အခဲများပေါ်ပေါက်ပါက နှစ်နိုင်ငံဆွေးနွေးကာ ဖြေရှင်းကြမည် ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးအကြံပေး ရှိတ်ဘာရှီရုဒ်ဒင်း က ပြောကြားလိုက်ပါသည်။
အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်မှ ကုန်းလမ်းဖြင့် တင်သွင်းသည့် ready made အဝတ်အထည်များ၊ သစ်သီး/သစ်သီးအရသာပါအချိုရည်များ၊ မုန့်ပဲသရေစာများ၊ ဂျုံနှင့်ဂျုံမှုန့်စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်နှင့် PVC ပစ္စည်းများနှင့် သစ်သားပရိဘောဂများကို တင်သွင်းခွင့် ပိတ်ပင်လိုက် ပါသည်။
ယခင်က ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယမှ ကုန်းလမ်းဖြင့် ဂျုံမျှင် တင်သွင်းမှုကို တားမြစ်ခဲ့ဖူးသည်။ အိန္ဒိယဘက်ကလည်း ဘင်္ဂလားဒေ့ရှ် မှ တတိယနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အဆင့်ဆင့် သယ်ယူခွင့် ကို ရုပ်သိမ်းခဲ့ပါသည်။
ထိုကဲ့သို့ ကုန်သွယ်ရေးအပြန်အလှန်ကန့်သတ်မှုများ ပေါ်ပေါက်လာခြင်း မှာ ယခင်နှစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နိုင်ငံမှ ဖယ်ရှားခံရခြင်းနှင့် ဟိန္ဒူလူနည်းစုများအပေါ် နှိပ်စက်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။
“အိန္ဒိယဘက်က အခူရာနှင့်ဒေါက်ကီ ကုန်းကူးဆိပ်များအပါအဝင်နယ်စပ်ဒေသများနှင့်ပတ်သက်၍ အချို့ဆုံးဖြတ်ချက်များ ချမှတ်ကြောင်း လူမှုမီဒီယာနှင့်သတင်းများမှတစ်ဆင့် သိရပါသည်။ မိမိတို့၏ အဓိက ရည်မှန်းချက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရရှိရေးဖြစ်ပြီး အဆိုပါကိစ္စသည် နှစ်နိုင်ငံ အတွက် အကျိုးရှိစေမည်” ဟု စီးပွားရေးအကြံပေးက ဖြည့်စွက် ပြောကြား ခဲ့ပါသည်။
“အိန္ဒိယသည် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်း ကြွယ်ဝသော နိုင်ငံ ဖြစ်သည်ဟု မိမိတို့ယူဆပါသည်။ သို့သော်လည်း မိမိတို့နိုင်ငံမှ ထိုထုတ်ကုန်များ တင်ပို့နိုင်ခြင်းမှာ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်ပေါ်တွင် အခြေခံပါသည်။ အဆင့်ဆင့်သယ်ယူခြင်းကြောင့် မိမိတို့အတွက် ထိခိုက်မှု မရှိပါ။ မိမိတို့သည် ကိုယ်ပိုင်စွမ်းရည်ဖြင့် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါသည်” ဟု အကြံပေးက ရှင်းပြထားပါသည်။
“ပထဝီအနေအထားအရ ဆက်စပ်နေသော နိုင်ငံဖြစ်သည့်အတွက် မိမိတို့၏ ယှဉ်ပြိုင်နိုင်စွမ်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် အခြား အချက်များမှာ သတ်မှတ်ထားပြီးဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့က ကိုယ်ပိုင်စိုက်ပျိုးထုတ်ကုန်များ၏ တင်သွင်းမှုကို အချိန် အလိုက် ကန့်သတ်မှုများချမှတ်လေ့ရှိပါသည်။ အိန္ဒိယကလည်း ထိုနည်းတူ ပြုလုပ်ပါသည်။ ဤသည်မှာ ကုန်သွယ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး မိမိတို့သည် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက နှစ်နိုင်ငံဆွေးနွေးကာ ဖြေရှင်းကြမည်ဖြစ်သည်” ဟု ရှိတ်ဘာရှီရုဒ်ဒင်းက ရှင်းပြခဲ့ပါသည်။
အိန္ဒိယ၏ ကုန်သွယ်ရေးကန့်သတ်မှုများသည် ဘင်္ဂလားဒေ့ရှ်၏ နှစ်စဉ် တင်သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၇၇၀ (စုစုပေါင်းတင်သွင်းကုန်၏ ၄၂% နီးပါး) ကို ထိခိုက်စေမည်ဖြစ်သည်။ အိန္ဒိယ၏ အပြန်အလှန် အရေး ယူမှုများအပြီးတွင် ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ ready made အဝတ် အထည်များကို အိန္ဒိယသို့ Nhava Sheva နှင့် Kolkata ဆိပ်ကမ်းများမှ တစ်ဆင့်သာ တင်ပို့ရမည်ဖြစ်ပါသည်။
ကိုးကား- Hindustan Times