ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း EU အဆင့်မြင့်ကိုယ်စားလှယ် ပြောကြား
ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ဆီးရီးယားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပသမဂ္ဂကောင်စီ အစည်းအဝေး အပြီးတွင် ပြောကြားလိုက်ပါသည်။
“ယနေ့ (မေ ၂၁) မိမိတို့ ဥရောပသမဂ္ဂသည် ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ဆုံးဖြတ်လိုက် ပါသည်။ ဆီးရီးယားပြည်သူများ အတူတကွပါဝင်သော ငြိမ်းချမ်းသည့် ဆီးရီးယားနိုင်ငံသစ်တစ်ခုကို ပြန်လည်တည်ဆောက်ရာတွင် ကူညီသွားလို ပါသည်” ဟု သူမက X လူမှုကွန်ရက်တွင် ရေးသားထားပါသည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သည့် ၁၄ နှစ်တာကာလအတွင်း ဆီးရီးယား ပြည်သူများနှင့်အတူ အမြဲရပ်တည်ခဲ့ပြီး ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း Kallas က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များသည် အလက်ပို (Aleppo) နှင့် အစ်ဒလစ်ဘ် (Idlib) စီရင်စုများရှိ ဆီးရီးယားစစ်တပ်နေရာများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုစတင်ခဲ့ပါသည်။ ၎င်းတို့သည် အဓိက မြို့ကြီးများ (အလက်ပို၊ ဟာမား၊ ဒါရာ၊ နှင့် ဟွန်းစ်) ကို သိမ်းပိုက်ခဲ့ပြီး ဒမတ်စကပ်မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြပါသည်။ ထို့နောက် အစိုးရတပ် များသည် မြို့မှ ဆုတ်ခွာသွားခဲ့ရပါသည်။ ဆီးရီးယားသမ္မတ ဘာရှာ အာဆက်သည် ရာထူးမှနုတ်ထွက်ကာ အာဏာလွှဲပြောင်း အကူးအပြောင်းကို အမိန့်ပေးခဲ့ပြီးနောက် နိုင်ငံမှ ထွက်ခွာသွားခဲ့ရပါသည်။ Hay'at Tahrir al-Sham အစ္စလာမ္မစ်နိုင်ငံရေးအဖွဲ့ခေါင်းဆောင် Ahmed Hussein al-Shar'a သည် ဆီးရီးယား၏ လက်ရှိအာဏာရှင်ဖြစ်လာခဲ့ပါသည်။
ဥရောပသမဂ္ဂသည် ၂၀၁၁ ခုနှစ်မှစတင်၍ ဆီးရီးယားအစိုးရနှင့် စစ်တပ်များ၊ အာဆက်မိသားစုနှင့် ဆွေမျိုးများအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃