ဂါဇာမှ အရေးပေါ်အခြေအနေ နှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကျင်းပမည်ဟု ကြေညာ
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ဟားမက် အဖွဲ့မှ ဓာတ်ပုံနှင့်ဗီဒီယိုများထုတ်ပြန်ပြီးနောက် လုံခြုံရေးကောင်စီက ဂါဇာမှ အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု ပြောကြားလိုက်သည်။ "ကုလသမဂ္ဂလုံခြုံရေး ကောင်စီ သည် ဩဂုတ်လ ၅ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေ များနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြုလုပ်မည်ဖြစ်ကြောင်း" အစ္စရေးသံအမတ်ကြီးက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ဟားမက်အဖွဲ့မှ ဂါဇာတွင် အကျဉ်းချထားသည့် ဂျာမန်နိုင်ငံသား ၂၁ နှစ် အရွယ် Rom Braslavski နှင့် အစ္စရေးနိုင်ငံသား ၂၄ နှစ်အရွယ် Evyatar David တို့၏ အာဟာရချို့တဲ့ပြီး ပိန်လှီနေသည့် ဗီဒီယိုများကို ထုတ်ပြန် ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သံအမတ်ကြီး Danon က ထိုဓာတ်ပုံများသည် ဟားမက်၏ ရက်စက်မှုကို သက်သေပြ နေခြင်းဖြစ်သည်ဟု ဆိုသည်။ "ကမ္ဘာကြီးက အစ္စရေးအပေါ် ဖိအားများ တိုးနေချိန်မှာပင် ဟားမက်အဖွဲ့က အစ္စရေးအကျဉ်းသားများကို အစားအစာ မကျွေးဘဲ ဆာလောင်မွတ်သိပ်စေကာ နှိပ်စက်နေပါသည်။ လုံခြုံရေး ကောင်စီအနေဖြင့် ဟားမက်၏ နေ့စဉ်၊ အချိန်နှင့်အမျှ ကျူးလွန်နေသည့် ရက်စက်မှုများကို အပြင်းအထန် ရှုတ်ချဖို့ အချိန်တန်ပါပြီ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အကျဉ်းသား ၂ ဦး၏ လတ်တလော ဓာတ်ပုံများသည် အစ္စရေးပြည်သူ များ၏ အမြင်ကို လှုပ်ခတ်သွားစေပြီး တယ်လ်အဗစ်မြို့တွင် အစိုးရအား ပစ်ခတ်မှုရပ်စဲရန် လိုလားသည့် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားစေ ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၃ ရက် တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အား အကျဉ်းသား များထံ အစားအစာရောက်ရှိရေး ကူညီပေးရန် တောင်းဆိုခဲ့သည်။
ဟားမက်၏ လက်နက်ကိုင်တပ် Al-Qassam Brigades မှ ပြန်လည် တုံ့ပြန်သည်မှာ "ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးတွင် လူသားချင်း စာနာထောက်ထားမှု စားနပ်ရိက္ခာနှင့် အကူအညီလမ်းကြောင်းများ ဖွင့်လှစ် ပေးသည့်အခါမှသာ" အဖွဲ့အား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပြုမည် ဟု ဆိုသည်။ ထိုတပ်ဖွဲ့က "အကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ဆာလောင်မွတ်သိပ်စေခြင်း မရှိကြောင်း" ပြောကြားသော်လည်း ဂါဇာ တွင် ဖြစ်ပွားနေသည့် "အငတ်ဘေးနှင့် ဝန်းရံပိတ်ဆို့မှု၊ ရာဇဝတ်မှု" နှင့် ပတ်သက်၍ အကျဉ်းသားများအား မည်သည့်အထူးအခွင့်အရေးမျှ ပေးမည် မဟုတ်ဟု ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။
ဂါဇာကမ်းမြောင် ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စတင် ခဲ့ခြင်းဖြစ်ကာ လူ ၁,၂၀၀ ကျော်သေဆုံးပြီး အကျဉ်းသား ၂၅၁ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ယခုအချိန်တွင် လူ ၄၉ ဦး ဂါဇာတွင် အကျဉ်းချထားဆဲဖြစ်ပြီး ၂၇ ဦးမှာ သေဆုံးပြီဟု ယူဆရသည်။ အစ္စရေးစစ်တပ်က ဂါဇာကို လက်စားချေတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ ရပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင် များက ဆိုသည်။
ကုလသမဂ္ဂကျွမ်းကျင်သူများက မကြာသေးမီက ဂါဇာတွင် အငတ်ဘေး ဆိုက်ကပ် နေကြောင်း သတိပေးခဲ့သည်။ အစ္စရေးက ဂါဇာသို့ အကူအညီ ပို့ဆောင်မှုကို တင်းကျပ်စွာ ကန့်သတ်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့များနှင့် ဆန်းစစ်သူများက အစ္စရေး ခွင့်ပြုသော ကုန်ပစ္စည်းအများစုမှာ လုယက်ခံရခြင်းများရှိနေပြီး ပြည်သူ များထံ မရောက်ရှိဟု ဆိုသည်။ နိုင်ငံများစွာက အစ္စရေးနှင့် ဟားမက် တို့အား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဂါဇာသို့ ဝင်ရောက် နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်ရရှိရန် တိုက်တွန်း နေကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂