ဗီယက်နမ်နိုင်ငံက အမေရိကန်စစ်သားပျောက်ဆုံးမှုနှင့် ပတ်သက်သည့် မှားယွင်းသောသတင်းအချက်အလက်များကို ကန့်ကွက်
ဗီယက်နမ် ပြည်ပရေးရာဝန်ကြီးဌာနက အမေရိကန်အခြေစိုက်အဖွဲ့ တစ်ခု၏ MIA ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတွင် ပါဝင်သည့် မှားယွင်းသော အချက်အလက်များကို အတိအလင်းကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
"အဆိုပါအချက်အလက်များသည် လွဲမှားပြီး မမှန်ကန်သော အချက်အလက် များဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိအလင်း ကန့်ကွက်သည်" ဟု ဩဂုတ်လ ၂ ရက်နေ့တွင် ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် စစ်သား ပျောက်ဆုံးမှု များအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် အရှေ့တောင်အာရှရှိ အကျဉ်းသားနှင့် ပျောက်ဆုံး စစ်သား မိသားစု များ အမျိုးသားအဖွဲ့ချုပ် (National League of Families of Prisoners of War and Missing Persons in Southeast Asia) ၏ အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ဗီယက်နမ်၏ တုံ့ပြန်ချက်ကို မေးမြန်းချက် အပေါ် ဖြေကြားခဲ့သည်။
ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ဗာဂျီးနီးယားအခြေစိုက် အဖွဲ့အစည်းက ဗီယက်နမ် သည် အမေရိကန်ပျောက်ဆုံးစစ်သားများအား ရှာဖွေရာတွင် "အချို့သော အချက်များတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်" ဟု ဖော်ပြ ထားသော်လည်း အဆိုပါလုပ်ငန်း၏ ကုန်ကျစရိတ်မှာ "အလွန်မြင့်မား လွန်းသည်" ဟု ဆိုထားသည်။
ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သားပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဗီယက်နမ်နှင့် အမေရိကန် အစိုးရများက နှစ် ၅၀ ကျော်ကြာ တက်ကြွစွာ အကောင်အထည်ဖော်ခဲ့ပြီးထောင်နှင့်ချီသော အမေရိကန်စစ်သား အလောင်းအား ရှာဖွေကာ မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"ဤသည်မှာ အလွန်အဓိပ္ပာယ်ရှိသော ရလဒ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံကြား စစ်၏နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကာ ဗီယက်နမ်-အမေရိကန် ယုံကြည်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရာတွင် လူသားချင်း စာနာမှုဆိုင်ရာ စံနမူနာတစ်ခုလည်း ဖြစ်ပါသည်။ ဗီယက်နမ်၏ MIA ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို အမေရိကန်ဘက်မှ အမြဲတမ်း အသိအမှတ်ပြုခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွင် စံနမူနာတစ်ခု အဖြစ် အသိအမှတ်ပြုထားသည်" ဟု ပြောရေးဆိုခွင့်ရှိသူက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။
အနာဂတ်တွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-အမေရိကန် ဆက်ဆံရေးကို အပြည့်အဝ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ အဆင့်မြှင့်တင်ရန် ပူးတွဲကြေညာချက်၏ သဘောထားနှင့်အညီ ထို နယ်ပယ်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စစ် ဟန်က အတည်ပြုပြောကြားခဲ့သည်။
ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သား ပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကို ၁၉၇၃ ခုနှစ်တွင် ပါရီငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး ပြီးနောက် နှစ်နိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့သည်။ ဗီယက်နမ် ပျောက်ဆုံးသူများရှာဖွေရေးရုံး (VNOSMP) မှ နောက်ဆုံးအကြိမ်အမေရိကန် စစ်သားအလောင်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒါနန်မြို့၌ ကျင်းပသော နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၃၀ နှစ်ပြည့် အခမ်းအနားတွင် ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဌာန၊ စစ်သုံ့ပန်း/စစ်ပွဲအတွင်း ပျောက်ဆုံးသူ များ ရှာဖွေရေးအေဂျင်စီ (DPAA) ၏ ဒါရိုက်တာ ကယ်လီ မက်ကီဂူး သည် ဇူလိုင် ၈-၁၂ ရက်များတွင် ဗီယက်နမ်သို့ လာရောက်ခဲ့ပြီး DPAA အနေဖြင့် အမေရိကန်လွှတ်တော်၊ အစိုးရနှင့် အရာရှိများအား ဗီယက်နမ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗီယက်နမ် ရှိ စစ်နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး အစီအစဉ်များ ထိန်းသိမ်းခြင်း၊ ချဲ့ထွင်ခြင်းတို့ကို ဆက်လက် ထောက်ခံနိုင်ရန် ၎င်း၏လှုံ့ဆော်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဟု အတည်ပြုပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂