“ရုရှား-တရုတ် ဖိုရမ်” ကို ရုရှားနိုင်ငံ Khabarovsk မြို့တွင် ပထမဆုံး အကြိမ် ကျင်းပ
နှစ်ရက်တာ ကျင်းပမည့် “ရုရှား-တရုတ် ဖိုရမ်” ကို မေ ၁၉ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျား Khabarovsk နယ်စပ်ဒေသမြို့တော် Khabarovsk ၌ ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်-ရုရှား နှစ်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းကဏ္ဍမှ လူပုဂ္ဂိုလ်၊ အစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်နှင့် လုပ်ငန်းကဏ္ဍ ပညာရှင် များ ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ဖိုရမ်တက်ရောက်လာသူများက နှစ်နိုင်ငံ ဒေသတွင်း စီးပွားရေးနှင့်ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသည် Khabarovsk နယ်စပ်ဒေသ၌ “ရုရှား-တရုတ် ဖိုရမ်” ကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ် သည်။ Khabarovsk နယ်စပ်ဒေသ အုပ်ချုပ်ရေးမှူး Dmitry Demeshin က ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် Khabarovsk နယ်စပ်ဒေသနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုသည် တစ်နှစ်ပြီးတစ်နှစ် တိုးမြင့်လာကြောင်း၊ စက်မှု၊ စွမ်းအင်၊ လမ်းပန်း ဆက်သွယ်ရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို အဆက်မပြတ် အကောင်အထည်ဖော်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများက ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၌ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ခေတ်မီအသွင်ပြောင်း ကုန်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုကို တွန်းအားပေးကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခဲ့ကြောင်း၊ “မိမိတို့ တည်ဆောက်နေသည်က လက်တွေ့ ကမ္ဘာက ပေါင်းကူးတံတား သာမက ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့်အတူတကွ သာယာဝပြောမှု ဆိုသည့် ပေါင်းကူးတံတားလည်း ဟုတ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
Khabarovsk အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ကျန်းရှောက်ယန်က အမှာစကားပြောကြားရာ တွင် Khabarovsk နယ်စပ်ဒေသသည် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၏ အရေးကြီးကုန်စည် ပို့ဆောင်မှု၊ စက်မှုလုပ်ငန်းနှင့် သိပ္ပံနည်းပညာစင်တာဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။
ဖိုရမ်ကျင်းပနေစဉ်ကာလအတွင်း ဖိုရမ်တက်ရောက်သူများက ဖိုရမ်ခွဲ ၃၀ ကျော်နှင့် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်-ရုရှားနှစ်နိုင်ငံက ဟေးရှားကျီ (Bolshoi Ussuriysky) ကျွန်း အတူပူးတွဲ ဖော်ဆောင်ခြင်း၊ နှစ်နိုင်ငံကဏ္ဍအသီးသီး၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း၊ နှစ်နိုင်ငံ လုပ်ငန်းရှင်များ တိုက်ရိုက်ချိတ်ဆက်ဆွေးနွေးမှုယန္တရား တည်ထောင်ခြင်း စသည့်အကြောင်းအရာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဆက်ပွဲ၊ တရုတ်-ရုရှား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် B2B ချိတ်ဆက်ဆွေးနွေးမှု စသည့်နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများ ကူးလူးဖလှယ်မှုကို မြှင့်တင်ပေးသည့် အခမ်းအနားအစီအစဉ်များစွာလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ