နောက်ကွယ်မှ အာဏာ ထိန်းချုပ်ထားသူများကို ဖြိုခွင်းရန် ထရမ့်နှင့်ရူဘီယိုက အမျိုးသားလုံခြုံရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်းမည်

News Image

  • နောက်ကွယ်မှ အာဏာ ထိန်းချုပ်ထားသူများကို ဖြိုခွင်းရန် ထရမ့်နှင့်ရူဘီယိုက အမျိုးသားလုံခြုံရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်းမည်

အမေရိကန်နိုင်ငံ၏ ကဏ္ဍပေါင်းစုံ၌ နောက်ကွယ်မှ အာဏာထိန်းချုပ်ထားသူများ (Deep State) ကိုဖြိုခွင်းရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြား ရေးဝန်ကြီး မာကိုရူဘီယိုတို့က အမျိုးသားလုံခြုံရေးကောင်စီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အိမ်ဖြူတော်မှ တာဝန်ရှိသူ များက ပြောသည်။

အမျိုးသားလုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းရာတွင် ထိုကောင်စီမှ လက်ရှိဝန်ထမ်းအယောက် ၃၅၀ ကို ထက်ဝက်လျှော့ချခြင်း၊ အမျိုးသားလုံခြုံရေး ကောင်စီ၏ အာဏာအများစုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ်သို့ လွှဲပြောင်းပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Axios သတင်းဌာနက ဖော်ပြထားသည်။

ယခုကဲ့သို့ အမျိုးသားလုံခြုံရေးကောင်စီ၏ အရွယ်အစားကို လျှော့ချခြင်းသည် ထိုကောင်စီ၏ မူလရည်ရွယ်ချက်၊ ထရမ့်၏ မျှော်မှန်းချက်တို့နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် အခြားသောဌာနများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း ရူဘီယိုက ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားလုံခြုံရေး ကောင်စီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းသည် မူဝါဒများကို အကောင်အထည်ဖော်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကြံပေးခြင်းတို့ကို ပိုမိုအလေးပေးနိုင်စေရန် ဖြစ်ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောထားသည်။ 

Source: Myawady Web Portal