ရှီကျင့်ဖျင်နှင့် ပြင်သစ် သမ္မတ မက်ခရွန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် မေ ၂၂ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ရှီကျင့်ဖျင်က လွန်ခဲ့သည့်နှစ် မေလက မိမိအနေဖြင့် ပြင်သစ်သို့ ခရီးစဉ်သွားရောက်ခဲ့ရာ နှစ်ဖက်အကြား လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်သော၊ အပြန်အလှန် နားလည်သော၊ အမြော်အမြင် ရှိသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး စိတ်ဓာတ်ကို မြှင့်တင်ပြီး ယင်းအတွက် ခေတ်သစ်၏အနှစ်သာရများ ဖြည့်တင်းပေးရန် တစ်ပြေးညီသဘောတူခဲ့ကြကြောင်း ထောက်ပြပြောကြားခဲ့သည်။ ထို့နောက် တရုတ်- ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုအသစ်များစွာ ထပ်မံ ရရှိ ခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို မြှင့်တင်ရမည်ဖြစ်သလို သဘောတူညီချက်များကို စုစည်းရမည်ဖြစ်ကြောင်း၊ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံမှု၊ လေကြောင်းနှင့် အာကာသ၊ နျူကလီးယားစွမ်းအင် စသည့် သမားရိုးကျကဏ္ဍများ၏ ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို ဒစ်ဂျစ်တယ်၊ အစိမ်းရောင်၊ ဇီဝဆေးဝါး၊ သက်ကြီးရွယ်အိုများအတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပေးသော ဆံဖြူစီးပွားရေး (Silver economy) စသည့် ထွန်းသစ်စ ကဏ္ဍသစ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ရမည်ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ကာ ပြည်သူများ ချစ်ကြည်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း ရှီကျင့်ဖျင်က အလေးထား ပြောကြားခဲ့သည်။ တရုတ်နှင့် ပြင်သစ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံ ကြီးများအနေဖြင့် စစ်အလွန် နိုင်ငံတကာစည်းစနစ်ကို တည်ထောင်သူ၊ တည်ဆောက်သူများဖြစ်ကြရာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် မှုကို အားဖြည့်သင့်ကြောင်း၊ ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် အနေအထားကို အတူကာကွယ်ရမည်ဖြစ်သလို နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့် ကမ္ဘာ့စီးပွားရေးစနစ်ကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ပြီး စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ ပို၍ ရှုပ်ထွေးလေ၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် မှန်ကန်သည့် မဟာဗျူဟာရွေးချယ်မှုကို ပို၍ လုပ်ဆောင်ရလေဖြစ်ကြောင်း၊ နိုင်ငံတကာစည်းစနစ်ကို ကာကွယ် ထိန်းသိမ်းသည့် အားထားရာအင်အား၊ ကမ္ဘာ့တိုးတက်ရေးကို မြှင့်တင်သည့် တံခါးဖွင့်အင်အား၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်သည့် တိုးတက်ရေးအင်အားအဖြစ် အတူတကွ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဥရောပကို ဗဟုဝင်ရိုးကမ္ဘာ၏ လွတ်လပ်သော ဝင်ရိုး တစ်ခုအဖြစ် အစဉ်အမြဲ ရှုမြင်ကြောင်း၊ ဥရောပသမဂ္ဂ၏ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုအားမြှင့်တင်ခြင်း၊ နိုင်ငံတကာရေးရာတွင် ပို၍ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ဥရောပ နှင့် အတူလက်တွဲကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသွားရန်၊ နှစ်ဖက်အကျိုးဖြစ်ထွန်း၍ ကမ္ဘာအတွက် အကျိုးရှိသော ရလဒ် ရရှိရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ထောက်ပြပြောကြားခဲ့သည်။
မက်ခရွန်က ပြင်သစ်-တရုတ်၊ ဥရောပ-တရုတ် ဆက်ဆံရေးသည် အလွန် အရေးကြီးပြီး ကမ္ဘာ့အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ ပြင်သစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအပေါ် ဆက်ဆံရေးကို အထူးအလေးထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းသည့် ရပ်တည်ချက်မှာ မည်သို့မျှ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ နှင့်အတူ ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တိုးတက်သည့်အနေအထားကို ထိန်းသိမ်းကာ ပြင်သစ်-တရုတ်ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အရေးကြီးကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့် သွားလိုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၏တာဝန်ကို ထမ်းဆောင်ကာ အများစိုးရိမ်ဂရုပြုကြသည့်ကိစ္စရပ်များ အရှိန်မြင့်တက်၍ ပြင်ပသို့ ယိုလျှံလာမှုအား တားဆီးပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ဥရောပ-တရုတ်သည် တစ်ဆင့်တိုး နီးကပ်စွာ ညှိနှိုင်း ဆွေးနွေးပြီး ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အီရန်နျူကလီးယားအရေး စသည့် ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း နက်ရှိုင်းစွာ အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။
ကိုးကား- Xinhua