၅ ကြိမ်မြောက် အမေရိကန်-အီရန် ကြားခံဆွေးနွေးမှု အကန့်အသတ်ဖြင့် တိုးတက်မှုရရှိခဲ့
အမေရိကန်နှင့် အီရန်သည် မေ ၂၃ ရက်က အီတလီနိုင်ငံ မြို့တော် ရောမတွင် ၅ ကြိမ်မြောက် ကြားခံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုသည် တိုးတက်မှုအချို့ရရှိခဲ့သော်လည်း အဆုံးအဖြတ်ပေးသည့် ရလဒ် မရရှိသေးကြောင်း ဆွေးနွေးပွဲကို ကြီးမှူးသည့် အိုမန်ဘက်က ဆိုသည်။
ယခုအကြိမ် ဆွေးနွေးပွဲကို အီတလီနိုင်ငံဆိုင်ရာ အိုမန်သံရုံး၌ ၃ နာရီခန့်ကြာ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုသည် “တိုးတက်မှု အချို့ရရှိခဲ့သော်လည်း အဆုံးအဖြတ်ပေးသည့် တိုးတက်မှုတော့မဟုတ်ပါ” ဟု အိုမန်နိုင်ငံခြားရေး ဝန်ကြီး Badr bin Hamad Al Busaidi က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံက “စဉ်ဆက်မပြတ်ဖြစ်သော၊ သင့်တင့်လျောက်ပတ်သော” သဘောတူညီချက် ရရှိရေးဆီ ဦးတည်၍ ရှေ့ဆက် လျှောက်လှမ်းရေးကို တွန်းအားပေးရန် လာမည့်ရက်ပိုင်းတွင် ကျန်ရှိသည့် ပြဿနာများအား ရှင်းလင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဆွေးနွေးမှုတွင် အီရန်၏ မူရပ်တည်ချက်ကို နောက်ထပ် တစ်ဖန် ရှင်းလင်းတိကျစွာ ရှင်းပြခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ ဆွေးနွေးပွဲသည် အေးချမ်းစွာနှင့် ကျွမ်းကျင်စွာ ကျင်းပခဲ့ကြောင်း၊ Esmaeil Baghaei က ထိုမတိုင်မီ အတားအဆီးများ ကျော်လွှားရန် ဖြေရှင်းရေးနည်းလမ်းနှင့် အမြင်သဘောထားများကိုအဆိုပြုခဲ့ကြောင်း၊ ယခုအကြိမ်ဆွေးနွေးပွဲတွင် ယင်းနည်းလမ်းနှင့် အမြင်သဘောထားများကို စိစစ်ခဲ့ကြောင်း၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲ၏ အချိန်နှင့် နေရာကို မကြာမီ အတည်ပြု ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်ဆွေးနွေးပွဲသည် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် “ကျွမ်းကျင်မှုအရှိဆုံး စေ့စပ်ညှိနှိုင်းမှုများအနက် တစ်ခု” ဖြစ်သည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဆွေးနွေးပွဲအပြီး၌ ပြောကြားခဲ့ကြောင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန (IRIB) ၏ သတင်းဖော်ပြချက်များအရ သိရသည်။
Esmaeil Baghaei က လက်ရှိအတားအဆီးကို ဖယ်ရှားရန်နှင့် စေ့စပ် ညှိနှိုင်းရေး တိုးတက်မှုကို မြှင့်တင်ရန် ဖြေရှင်းရေးနည်းလမ်း အဆိုပြုခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ၅ ကြိမ်မြောက် ဆွေးနွေးပွဲတွင် မတူညီသည့် အမြင်သဘောထားများကို ဆွေးနွေးခဲ့ပြီး ယင်းနည်းလမ်းများကို နှစ်ဖက် ပညာရှင်များက တစ်ဆင့်တိုး စိစစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အကယ်၍ ဖြေရှင်းရေးနည်းလမ်းကို နှစ်ဖက်လက်ခံပါက “အတိုင်းအတာ တစ်ခုအထိ အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်” ဖြစ်ကြောင်း သိရသည်။
Abbas Araghchi က စေ့စပ်ညှိနှိုင်းမှု ရှုပ်ထွေးခြင်းကြောင့် “နှစ်ကြိမ်၊ သုံးကြိမ် ဆွေးနွေးခြင်းက ဖြေရှင်းနိုင်မည်မဟုတ်” ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်က အီရန်၏ ရပ်တည်ချက်ကို “ပို၍ နားလည် သိရှိ” လာသည့်အတွက် လာမည့် ဆွေးနွေးပွဲအတွင်း တိုးတက်မှု ရရှိ စေသည့် ဖြေရှင်းရေးနည်းလမ်းကို ရေးဆွဲနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့သည် ဧပြီ ၁၂ ရက်တွင် အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် ပထမအကြိမ် ကြားခံ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ယင်းမှာ ၂၀၁၈ ခုနှစ်၊ မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် အမေရိကန်-အီရန် နှစ်ဖက် ပထမဆုံး အကြိမ် ဆွေးနွေးမှု တရားဝင် စတင်ခြင်းဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်၊ ဧပြီ ၂၆ ရက်နှင့် မေ ၁၁ ရက်တို့တွင် ကြားခံ တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်လုပ်ဆောင်ခဲ့သည်။
ကိုးကား- Xinhua
Photo: Daily Sabah