ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီအတွင်း Deep State ၏ ပါဝင်မှုကို လျှော့ချရန်လုပ်ဆောင်

News Image

  • ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီအတွင်း Deep State ၏ ပါဝင်မှုကို လျှော့ချရန်လုပ်ဆောင်

ထရမ့်အစိုးရအဖွဲ့သည် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကို အကြီးစား ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်လျက်ရှိပြီး “Deep State” ၏ပါဝင်မှုကို လျှော့ချရန် အားထုတ်မှုတစ်ခုအဖြစ် အရာရှိ ၁၀၀ ကျော်ကို တာဝန်မှ အနားပေးကာ ထိပ်တန်းတာဝန်ရှိ အကြံပေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင်များ ကို လျှော့ချလိုက်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ဖော်ပြခဲ့သည်။

သောကြာနေ့ (မေ ၂၃) ထုတ်ပြန်ချက်များအရ NSC ရှိ ဌာနခွဲအများစုမှ ယူကရိန်း၊ အီရန်နှင့် အင်ဒို-ပစိဖိတ်ကဲ့သို့သော ကမ္ဘာ့အရေးပါသည့် နေရာ များကို ကိုင်တွယ်သည့် အဖွဲ့များအပါအဝင် ဝန်ထမ်းများကို ကြိုတင် အသိပေးချက်မရှိဘဲ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့သည်။ CNN နှင့် Reuters တို့အဆိုအရ ဝန်ထမ်းများသည် သောကြာနေ့ ညနေပိုင်းတွင် အီးမေးလ်များရရှိပြီး ၎င်းတို့၏ စားပွဲများကို မိနစ် ၃၀ အတွင်း ရှင်းလင်းရန် အကြောင်းကြားခံခဲ့ရသည်။

Axios သို့ အစိုးရအာဏာပိုင်အရာရှိတစ်ဦးက အဆိုပါပြန်လည် ဖွဲ့စည်းမှု သည် ဗျူရိုကရေစီအတားအဆီးများကို လျှော့ချရန်နှင့် အစိုးရ၏ အမြင့်ဆုံး အဆင့်တွင် နိုင်ငံခြားရေးမူဝါဒဆုံးဖြတ်ချက်များကို စုစည်းရန် နည်းဗျူဟာ ကျသော ပြောင်းလဲမှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ ယခု အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။

“NSC သည် Deep State ၏ အဆုံးစွန်သော နေရာဖြစ်သည်” ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ “ဒါဟာ မာကိုနှင့် Deep State တို့၏ တိုက်ပွဲပါ။ မိမိတို့သည် Deep State ပါဝင်မှုကို လျှော့ချရန် လုပ်ဆောင်နေခြင်း ဖြစ်သည်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ရူဘီယိုသည် နိုင်ငံခြားရေးဌာနနှင့် USAID (အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ) တို့ကို လျှော့ချရန် ကြိုးပမ်းမှုများ ဦးဆောင်ခဲ့သူဖြစ်ပြီး NSC ၏ “မူလရည်ရွယ်ချက်” ဖြစ်သော မူဝါဒချမှတ်သည့် အဖွဲ့အစည်း အဖြစ် မဟုတ်ဘဲ ညှိနှိုင်းရေးအဖွဲ့အဖြစ် ပြန်လည်ရောက်ရှိရန် ရည်မှန်းကြောင်း အားလုံးကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

“NSC သည် အခြားအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမို ကောင်းမွန်သော အနေအထားသို့ ရောက်ရှိလာပါမည်” ဟု ၎င်းက Axios သို့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သော်လည်း လျှော့ချမှု၏ တိကျသော အရေအတွက်ကိုမူ အတည်မပြုခဲ့ပေ။

အမည်မဖော်လိုသော အရာရှိများ၏ ပြောကြားချက်အရ NSC ဝန်ထမ်း အရေအတွက်ကို ၅၀ ခန့်အထိ လျှော့ချရန် အစီအစဉ်ရှိကြောင်းသိရသည်။ ယင်းသည် ဘိုင်ဒင်အစိုးရလက်ထက်က ၃၀၀ ကျော်မှ လျော့ကျ သွားခြင်းဖြစ်ပြီး ထရမ့်၏ ပထမသက်တမ်းအတွင်းက ပိုမိုသေးငယ်သော ဖွဲ့စည်းပုံထက်ပင် နည်းပါးသွားမည်ဖြစ်သည်။ အာဖရိကမူဝါဒနှင့် NATO ညှိနှိုင်းရေးကဲ့သို့သော ဌာနခွဲများကို ဖျက်သိမ်းခြင်း သို့မဟုတ် ပေါင်းစည်း ခြင်းပြုလုပ်နိုင်ကြောင်း သတင်းရင်းမြစ်အများအပြားက Reuters သို့ ပြောကြားခဲ့သည်။ 

အကြီးတန်း အုပ်ချုပ်ရေးအရာရှိများက ထရမ့်၏ ဆီးရီးယားဒဏ်ခတ် အရေးယူမှုများကို လတ်တလော ပြန်လည်ရုတ်သိမ်းခြင်းကို အထက်မှ အောက်သို့ ဆုံးဖြတ်ချက်ချမှတ်သည့် ပုံစံသစ်၏ နမူနာတစ်ခုအဖြစ် ညွှန်းဆိုခဲ့ကြသည်။ “သမ္မတက အမိန့်ပေးလိုက်သည်။ အစိုးရအဖွဲ့ (Cabinet) က လိုက်နာခဲ့သည်။ ကော်မတီအလွှာပေါင်းများစွာ မလိုအပ်တော့ပါ” ဟု အရာရှိတစ်ဦးက Axios သို့ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂