ပူတင်က ရုရှား၏ စီးပွားရေးတိုးတက်မှုကို ချီးကျူးပြောကြား

News Image

  • ပူတင်က ရုရှား၏ စီးပွားရေးတိုးတက်မှုကို ချီးကျူးပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်မှုကို ချီးကျူးပြောကြားရင်း ဝယ်ယူနိုင်စွမ်းညီမျှမှု (PPP) အရ ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေး အဖြစ် ရောက်ရှိလာမှုသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ အားထုတ်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တနင်္လာနေ့ (မေ ၂၆) တွင် ကျင်းပသည့် အမျိုးသားစီးပွားရေးလုပ်ငန်းရှင်များနေ့ အခမ်းအနားတွင် ပြောကြားရင်း ပူတင်က ရုရှား နိုင်ငံသည် လုံးဝအဆင်ပြေသည်မဟုတ်ဘဲ ခက်ခဲသည့် အခြေအနေများအောက်တွင် လုပ်ကိုင်နေရသော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ထင်ရှားသည့် ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“၂၀၂၃ ခုနှစ်တွင် GDP ၄.၁% တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင် ၄.၃% တိုးတက်ခဲ့သည်။ ဤသည်မှာ ခိုင်မာသည့် ရလဒ်တစ်ခုပင် ဖြစ်သည်” ဟု ၎င်းက ဆိုသည်။ “PPP အရ ရုရှား၏ စီးပွားရေးသည် ယခု ကမ္ဘာ့ စတုတ္ထမြောက် ဖြစ်လာခြင်းမှာ ရုရှားနိုင်ငံသားတို့၏ တိုက်ရိုက် အောင်မြင်မှုပင် ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း၏ ဒေသအနှံ့မှ ကုမ္ပဏီများ၏ လုပ်ဆောင်မှုများ၏ရလဒ်ပင် ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။

PPP သည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ် ကွာခြားမှုများကို ညှိယူကာ နိုင်ငံများအကြား စီးပွားရေးထုတ်လုပ်မှုနှင့် လူနေမှု အဆင့်အတန်းကို နှိုင်းယှဉ်သည်။

ပူတင်က အဆိုပါ ကြီးထွားမှုသည် တစ်ခုတည်းသော ကဏ္ဍတွင် ကန့်သတ်မထားဘဲ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေး အပါအဝင် စီးပွားရေး ကဏ္ဍမျိုးစုံတွင် လွှမ်းခြုံထားကြောင်း အလေးပေးပြောကြားခဲ့သည်။

“ထိုသို့သော ရလဒ်များသည် ကြီးမားသည့် အဖွဲ့အစည်းအနည်းငယ်၏ လုပ်ဆောင်မှုမျှ မဟုတ်ဘဲ၊ တူညီသော ရည်မှန်းချက်ဆီသို့ ဦးတည် လုပ်ကိုင်နေသည့် ထောင်နှင့်ချီ၊ သိန်းနှင့်ချီ၊ သန်းနှင့်ချီသော လူများ၏ ပူးပေါင်းပါဝင်မှု၏ ရလဒ်ပင် ဖြစ်သည်” ဟု သမ္မတက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂