ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာ

News Image

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာ

ရန်ကုန်    မေ     ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာပြီဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''လက်ရှိအချိန်ထိ  လုပ်ငန်းလိုင်စင် လျှောက်ထားပြီးတဲ့ဆိုင်  ၁၅၀၀ လောက်မှာ ၁၀၀၀ လောက်က လိုင်စင်ထုတ်ယူပြီးပါပြီ၊၊ အခုလျှောက်ထားတာ ဆိုင်ကြီးတွေများ ပါတယ်၊၊ ဆိုင်သေးတွေ ကျန်နေသေးတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့်  နောက်ဆုံးလျှောက်ထားရမည့်  ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးနေကြောင်း၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်သည့်  ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင်  လုပ်ငန်းပမာဏ၏   ၂၅ ရာခိုင်နှုန်း နှင့်ညီမျှသည့် ငွေကြေးပမာဏကို   ဘဏ်တွင်အပ်နှံထားသော အထောက်အထား (Bank Statement) တင်ပြရမည်ဖြစ်ပြီး  အရောင်းအဝယ်ပမာဏကို  ရွှေအချိန်နှင့် ဖော်ပြပေးရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း  သို့မဟုတ်  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း ထောက်ခံချက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး၏   ရွှေဆိုင်အတွက် လိုင်စင်လျှောက်ထားခြင်းကို ကန့်ကွက်မှု မရှိကြောင်း ထောက်ခံချက်၊ ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များကိုပါ  ပူးတွဲတင်ပြရမည်ဖြစ်သည်။

ယင်းအပြင်  အခွန်ဆောင်ထားသည့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏  အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်နှင့်  စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်ရှိပါကလည်း ပူးတွဲတင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။

ရွှေဆိုင်များအနေဖြင့် မြေပြင်တွင်လည်း ရွှေရောင်းဝယ်ခြင်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ  အရေးယူခြင်းခံရမည် ဖြစ်ကြောင်း  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ  အသိပေး ကြေညာထားကြောင်းနှင့် အွန်လိုင်းတွင် ရောင်းချပါက အွန်လိုင်း လိုင်စင် လျှောက်ထားရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

Source: Myawady Web Portal