အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဖောင်ဒေးရှင်း၏ ထောက်ပံ့မှု စတင်ချိန်တွင် ဂါဇာဒေသခံများ ပစ်ခတ်သတ်ဖြတ်ခြင်းခံရ
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဖြူးပေးဝေသည့်နေရာသို့ အကူအညီများ သွားရောက်ယူဆောင်ကြသည့် ဂါဇာဒေသခံပြည်သူများအား အစ္စရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ဂါဇာဒေသတွင် အခြေအနေများ ရှုတ်ထွေးလျက် ရှိသည်။
ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဖောင်ဒေးရှင်းသည် မေလ ၂၇ ရက် နေ့မှစ၍ အစားအစာများကို ဖြန့်ဝေပေးလျက်ရှိသည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့အစည်းမှ ပေးပို့သည့် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများသည် ဟားမက်တို့၏ လက်ထဲတွင်သာ အဆုံးသတ်ခဲ့ရကြောင်း အစ္စရေးနှင့် အမေရိကန်တို့က အခိုင်အမာပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဖောင်ဒေးရှင်းမှတစ်ဆင့် ဖြန့်ဝေ ပေးပို့ခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းအနေဖြင့် ဂါဇာဒေသအတွင်း ဖြန့်ဝေရေးနေရာ (၂) ခုမှ အစာအာဟာရ ၈၄၀,၀၀၀ နီးပါးကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
သို့ရာတွင် မေလ ၂၇ ရက်နေ့တွင် အစားအစာ ရရှိရန်အတွက် သွားရောက်စုဝေးခဲ့ကြသည့် ဒေသခံ ၃ ဦးမှာ အစ္စရေးစစ်သားများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဂါဇာဒေသအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။
အာရပ်သတင်းဌာနအတော်များများကမူ အစားအသောက်ဖြန့်ဝေသည့်နေရာသို့ သွားရောက်ရန် ကြိုးပမ်းခဲ့ကြသူများအား အစ္စရေးတပ်သားများက ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း မေလ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့ကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)