တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက်
တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက် နျူကလီးယားဒုံးကျည်များဟာ ခေတ်သစ် စစ်ပွဲမှာသိပ်ကိုအရေးပါလှတဲ့ လက်နက် တစ်ခုဖြစ်လာပါတယ်။ ဒီလက်နက်မျိုးဆိုတာ မဟာဗျူဟာအရအရေးကြီးသလို ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းကောင်း ကြီးခြိမ်းခြောက်နိုင်တဲ့ လက်နက်တစ်မျိုးပါ။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်စစ်ပွဲမှာ နျူကလီးယားဒုံးကျည်များကို တိုက်ရိုက်အသုံးပြုလာခြင်းမျိုးမဟုတ်ဘဲ တချို့သောအခြေအနေတွေမှာ တည်ကြက် လုပ်ထားတဲ့ ဒုံးကျည်အတုများကို သုံးပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို လှည့်စားလာတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် လေပိုင်နက်ထဲ ဝင်လာတဲ့ဒုံးကျည်က အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာကို ဝေဖန်စစ်ဆေးနိုင်ဖို့ အတွက် သိပ်ကိုလိုအပ်လာပါတယ်။ ဒီအချိန်မှာ တရုတ်သိပ္ပံပညာရှင်များက AI နည်းပညာကို အသုံးပြုထားတဲ့ နျူကလီးယားဒုံးကျည်စုံထောက်အမည်ရှိ နည်းပညာ တစ်မျိုးကို ထုတ်ဖော်မိတ်ဆက်လာပါတယ်။ သူက ကိုယ့်လေပိုင်နက်ထဲဝင်လာတဲ့ နျူကလီးယားဒုံးကျည်သည် အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာကို ခွဲခြား ပေးနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ အခုလိုမျိုး လက်နက်ထိန်းချုပ်မှု လုပ်ငန်းအတွက် AI နည်းပညာကို အသုံးပြုလာတာက အခုမှပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုနိုင်ဖို့အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုသုံးခုရှိပါတယ်။ ပထမဆုံးတစ်ခုက AI စနစ်ကို လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် နိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ အရေးကြီးလှတဲ့ နျူကလီးယားအချက်အလက်များစွာလိုအပ် ပါတယ်။ အဲဒီထဲမှာ စစ်မှန်တဲ့ နျူကလီးယားထိပ်ဖူး ရဲ့အချက်အလက်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ နျူကလီးယားထိပ်ဖူးနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ သတင်းအချက်အလက်တွေ မပေါက်ကြားစေရေးကို လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ နိုင်ငံတွေအနေနဲ့ ခေတ်မမီတော့တဲ့ စစ်အေးခေတ်ပုံစံ နျူကလီးယား ထိပ်ဖူးစိစစ်မှု နည်းလမ်းများကို အသုံးမပြုတော့ဖို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်သိပ္ပံပညာရှင်များ အနေနဲ့ ပထမဆုံးအဆင့်ကို အောင်မြင် သွားပြီလို့ ဆိုနိုင်ပါတယ်။ AI စနစ်အနေနဲ့ အခုလိုနျူကလီးယား စုံထောက် တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက် အဆင့်မြင့်တဲ့ အချက်အလက်ဖုံးကွယ်ခြင်းနဲ့ နျူကလီးယားသိပ္ပံ ပညာတို့ကို ပေါင်းစပ် အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် နျူကလီးယား အစိတ်အပိုင်းများစွာနဲ့ ပတ်သက်လို့ ကွန်ပျူတာအထူးပြု သဏ္ဌာန်တူလေ့ကျင့်မှု သန်းပေါင်းများစွာကို လုပ်ဆောင်ထားပါတယ်။ ဒီအစိတ်အပိုင်းတွေထဲမှာ လက်နက်အဆင့်ရှိတဲ့ ယူရေနီယံများနဲ့ အခြားသော သတ္တုအစိတ်အပိုင်းများ ပါဝင်ပါတယ်။ အဲဒီသတ္တုအစိတ်အပိုင်းအတွင်းရှိ နျူထရွန်များရဲ့ လှုပ်ရှားမှုများကို AI စနစ်ကခြေရာခံနိုင်စေဖို့ ပညာရှင်များက လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုးလေ့ကျင့် ပေးထားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အဲဒီ AI စနစ်ဟာ နျူကလီးယား ဒုံးကျည်ကို အစစ်လား၊ အတုလားဆိုတာ တိကျစွာ ခွဲခြားပေးနိုင် လာတာဖြစ်တယ်လို့ တရုတ်သိပ္ပံပညာ ရှင်များက ပြောထားပါတယ်။
Source: Myawady Web Portal