ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ရင်ကွဲသရက်သီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့
ကျိုက်လတ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ရင်ကွဲသရက်သီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် သရက်သီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုမြင့် က ပြောပြ၍ သိရသည်။
ကျိုက်လတ်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ ဧပြီလက ရင်ကွဲသရက်သီး အလုံးရေ ၃၅၀၀၀၀ ထိ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေ ၁ ရက်မှ ၃၁ ရက်ထိ ရင်ကွဲသရက်သီးအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသတွင် ရင်ကွဲသရက်သီးများ ပေါ်နေချိန်ဖြစ်ကြောင်း သိရသည်။
“အခုနှစ် သရက်သီးဈေးနှုန်းက သင့်တင့်တဲ့ဈေးပါ။ ရန်ကုန်ဈေးကွက်က အဝယ်လဲလိုက်နေပါတယ်။ သရက်သီးရာသီကုန်တဲ့အချိန်ထိ ဒီဘက်မှာ အရောင်းအဝယ် ကောင်းနေမယ်ထင်ပါတယ်။ သရက်သီအရွယ်အစားကတော့ အစုံပေါ့နော်။ အခုလိုသရက်သီးတွေ အရောင်းအဝယ်ဖြစ်လာလို့ ဒေသခံသရက်သီးစိုက် တောင်သူတွေလဲ အဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် သရက်သီး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုမြင့် က ပြောပြသည်။
ကျိုက်လတ်မြို့နယ်တွင် ရင်ကွဲသရက်သီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် ရင်ကွဲသရက်သီးမှည့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ရင်ကွဲသရက်သီးအပြင် ရွှေဟင်္သာ၊ စိန်တလုံး၊ မချစ်စု စသည့် သရက်သီးများလည်း ထွက်ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ