မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြင့်ပျံဒုံးကျည်ပစ်လွှတ်

News Image

  • မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြင့်ပျံဒုံးကျည်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။  တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်ကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဘက်က အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရေယာဉ်များနဲ့ စစ်လေယာဉ်များအနေနဲ့ အချက်အလက်များကို နောက်ဆုံးအခြေအနေနဲ့အညီ ရရှိအောင်စုဆောင်းဖို့ တိုက်တွန်းထားပါတယ်။ အပိုင်းအစတွေ  တွေ့တယ်ဆိုရင်လည်း အနားမကပ်ဖို့နဲ့ ရေတပ်ကိုသတင်းပို့ဖို့ ညွှန်ကြားထားပါတယ် ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။

အဆိုပါဒုံးကျည်သည် ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ပြီးဖြစ်နိုင်ကြောင်း၊ ကနဦးအချက်အလက်များအရ ထိုဒုံးကျည်သည် ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်တွင် ကျရောက်သွားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ အမြင့်ပျံဒုံးကျည်ကိုပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအတွက် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးလုပ်ဆောင်သည့်ပစ်လွှတ်မှုဖြစ်သည်။

မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်ခဲ့သောဒုံးကျည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်တွင်ဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံက  ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ဒုံးကျည်များပစ်လွှတ်နေခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ်၌ လုပ်ဆောင်နေသောဆောင်ရွက်ချက်များကို တုံ့ပြန်ခြင်းဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစစ်ပွဲအတွက် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို သုံးသပ်ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Ref: Sputnik