ရေဒါကို ရှောင်ကွင်းနိုင်စွမ်းရှိပြီး စစ်ကစားနိုင်သည့် ဒုံးကျည်အသစ်များ ရုရှားအသုံးပြုလာ
ရုရှားနိုင်ငံသည် ရေဒါရှောင်ကွင်းနိုင်စွမ်းရှိပြီး စစ်ကစားနိုင်သည့် ဒုံးကျည်အသစ်များကို အသုံးပြုလာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အမေရိကန်လုပ် Patriot အမျိုးအစား ဒုံးကျည်ကာကွယ်ရေးစနစ်များမှာ ရုရှားဒုံးကျည်များကို ကြားဖြတ်ဟန့်တားရာ၌ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း Wall Street Journal က ဖော်ပြသည်။
စစ်ရေးအကူအညီအဖြစ် အမေရိကန်က ယူကရိန်းနိုင်ငံသို့ ပေးအပ်ထားသည့် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်များသည် ဒုံးကျည်များအား ကြားဖြတ်တားဆီးခြင်းနှင့် ဟန့်တားခြင်းတို့တွင် အစွမ်းထက်သည့် ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုအဖြစ် ကာလရှည်ကြာရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါပိုမို အစွမ်းထက်သည့် ရုရှားပဲ့ထိန်းဒုံးကျည်များအား ကြားဖြတ်ဟန့်တားရာတွင် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေကြောင်း ပြီးခဲ့သည့် Wall Street Journal ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရုရှားနိုင်ငံက လက်ရှိအသုံးပြုလာသည့် ပဲ့ထိန်းဒုံးကျည်များသည် ရေဒါစနစ်ကို ရှောင်ကွင်းနိုင်ခြင်းကြောင့် ပိုမိုစစ်ကစားနိုင်စွမ်းရှိကြောင်း အမည်မဖော်လိုသူ ယူကရိန်းအရာရှိတစ်ဦးက မီဒီယာတစ်ခုသို့ ပြောကြားသည်။ သို့သော် ရုရှားနိုင်ငံ၏ မည်သည့်ဒုံးကျည်အမျိုးအစားကို ရည်ညွှန်းကြောင်းကိုမူ ရှင်းလင်းစွာ ပြောကြားခြင်းမရှိပေ။
ထို့ကြောင့် လက်ရှိတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယူကရိန်းတွင် အသုံးပြုနေသည့် အမေရိကန်လုပ် Patriot ဒုံးကျည်ကာကွယ်ရေး စနစ်များ၏နေရာတွင် အစားထိုးအသုံးပြုနိုင်မည့် အဆင့်မြှင့်တင်ထားသော Samp/T ဒုံးကျည်ကာကွယ်ရေး စနစ်သစ်တစ်ခုကို ဖြန့်ကြက်နိုင်ရန် စီစဉ်လျက်ရှိသည်။
MWD Web Portal