ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ကို ကာဇက်စတန်နှင့် ဗြိတိန်လက်မှတ်ရေးထိုး
ကာဇက်စတန်နှင့် ဗြိတိန်နိုင်ငံတို့ကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကာဇက်စတန်အစိုးရဝက်ဘ်ဆိုက်၌ ဇွန်လ ၆ ရက်တွင် ဖော်ပြသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့က တရားဝင် အလည်အပတ်ရောက်ရှိနေစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ယာဘိုလာ ကူမာဘေကူလီက ဦးဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါခရီးစဉ်တွင် ကာဇက်စတန်နှင့် ဗြိတိန်နိုင်ငံမှ တာဝန်ရှိသူများက လက်ရှိလုပ်ဆောင်နေသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အဓိကအားဖြင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ ဘာသာစကားသင်ယူမှုများ၊ ကာဇက်စတန် တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ဗြိတိန်နိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၌ လေ့ကျင့်သင်ကြားပေးရေး စသည့်ကဏ္ဍများတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
တစ်နှစ်သက်တမ်းရှိ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နှစ်နိုင်ငံစလုံးအနေဖြင့် ကာကွယ်ရေး တွင်လည်း လက်တွေ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
Ref: Ivz
MWD Web Portal