ကမ္ဘောဒီးယားက ထိုင်းအစိုးရ၏ အဆိုပြုချက်များကို ငြင်းဆိုပြီးနောက် နှစ်နိုင်ငံစလုံးက နယ်စပ်တွင် စစ်အင်အားတိုးမြှင့်၊ နယ်စပ်ဖြတ်ကျော်ရေး စခန်းနှစ်ခုအား ထိုင်းပိတ်ပစ်
နှစ်နိုင်ငံကြား တင်းမာမှုများ လျော့ကျစေရေး ဆွေးနွေးမှုတွင် ကမ္ဘောဒီးယား အစိုးရက ထိုင်းအစိုးရ၏ အဆိုပြုချက်များကို ငြင်းဆိုပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံက နှစ်နိုင်ငံအငြင်းပွား နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များကို တိုးမြှင့်ဖြန့်ကြက်လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ဇွန်လ ၇ ရက်တွင်ပြောသည်။
မေလ ၂၈ ရက်တွင် ဖြစ်ပွားသည့် နယ်စပ်ပဋိပက္ခတွင် ကမ္ဘောဒီးယား တပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့ကြား တင်းမာမှုလျှော့ချရေးနှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အတွက် နှစ်နိုင်ငံကြားဆွေးနွေးမှုများကို ဇွန်လ ၅ ရက်တွင် ကျင်းပခဲ့သော်လည်း ယင်းဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို ငြင်းဆိုခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်းက ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်တွင် ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုးမြှင့်ဖြန့်ကြက်လာခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်မတော်ကို တိုးမြှင့်ဖြန့်ကြက်ရန် လိုအပ်လာကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့အတူ ကမ္ဘောဒီးယား တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် အရပ်သားများသည် ထိုင်းနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်ချက်များနှင့် နှစ်နိုင်ငံနယ်စပ်တွင် စစ်အင်အားများ တိုးမြှင့်ဖြန့်ကြက်လိုက်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံက အင်အားကို အသုံးပြုရန် ဆန္ဒရှိနေကြောင်းကို ရှင်းလင်းစွာ ဖော်ပြလျက်ရှိကြောင်း ထိုင်းတပ်မတော်က ဇွန်လ ၇ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
သီးခြားထုတ်ပြန်ချက်များအရ ထိုင်းအစိုးရသည် နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများကြောင့် ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဖြတ်ကျော်ရေး စခန်းနှစ်ခုကို ဇွန်လ ၇ ရက်တွင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
MWD Web Portal