မိုဒီက ကက်ရှ်မီးယားဒေသရှိ ကမ္ဘာ့အမြင့်ဆုံး ရထားတံတားကို ဖွင့်လှစ်ပေး
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် သောကြာနေ့ (ဇွန် ၆) တွင် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်တစ်ခုလုံးကို အိန္ဒိယနိုင်ငံ၏ အခြားဒေသများနှင့် ဆက်သွယ်ပေးမည့် ရထားလမ်းစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တံတားနှစ်စင်းကို ဖွင့်လှစ်ခဲ့သည်။ ပါဟယ်ဂမ်တွင် ခရီးသွားများအပေါ် လုပ်ကြံမှုဖြစ်ပွားပြီးနောက် နယူးဒေလီနှင့် အစ္စလာမာဘက်က သံတမန်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် မိုဒီ၏ ကက်ရှ်မီးယား သို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။
သောကြာနေ့က မိုဒီ၏ မိန့်ခွန်းတွင် ကက်ရှ်မီးယား၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။ ထိုဒေသသည် ဆယ်စုနှစ်များစွာကတည်းက အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား အငြင်းပွားစရာ နယ်မြေဖြစ်ခဲ့သည်။
ဝန်ကြီးချုပ်မိုဒီသည် ချီနပ်တံတား (အိန္ဒိယအစိုးရက ကမ္ဘာ့အမြင့်ဆုံး ရထားတံတားအဖြစ် သတ်မှတ်ထား) နှင့် အန်ဂျီတံတား (အိန္ဒိယ၏ ပထမဆုံး ကြိုးဆိုင်းရထားတံတား) တို့ကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ တံတားနှစ်စင်းသည် ဥဒမ်ပူ-သရီနာဂါ-ဘာရာမုလာ ရထားလမ်း (၂၇၂ ကီလိုမီတာရှည်လျားသော ရထားလမ်းဆက်သွယ်ရေး) ၏ အစိတ်အပိုင်းများဖြစ်ပြီး မိုဒီက ဂျမူး-ကက်ရှ်မီးယား၏ အင်အားသစ်နှင့် အိန္ဒိယ၏ တိုးတက်လာသော စွမ်းရည်များအတွက် သက်သေတစ်ရပ်ဟု ချီးကျူးခဲ့သည်။
ချီနပ်တံတားသည် အမည်တူမြစ်ပေါ်တွင် တည်ဆောက်ထားပြီး မြစ်ကြမ်းပြင်အထက် ၃၅၉ မီတာ (အီဖယ်တာဝါထက် ၃၅ မီတာပိုမြင့်) အထိ မြင့်မားသည်။ တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါတံတားကို ခန့်မှန်း ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၇၃ သန်းဖြင့် တည်ဆောက်ခဲ့သည်။ အန်ဂျီတံတားမှာ ဟိမဝန္တာ၏ ခက်ခဲသောမြေမျက်နှာသွင်ပြင်တွင် တည်ဆောက်ထားသည့် ကြိုးဆိုင်းရထားတံတားဖြစ်ပြီး ၃၃၁ မီတာမြင့်ကာ အထူး ခိုင်မာသော ကြိုး ၉၆ ချောင်းဖြင့် ထိန်းထားသည်။ အဆိုပါတံတားတွင် အသုံးပြုထားသော ကြိုးများ၏ စုစုပေါင်းအရှည်မှာ ၆၅၃ ကီလိုမီတာ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် မိုဒီက ဂျမူး၏မြို့တော် သရီနာဂါနှင့် ကတ်ရာမြို့ (အိန္ဒိယ၏ အထင်ရှားဆုံးဟိန္ဒူဘုရားဖူးစခန်းဖြစ်သော ဗေ့ရှ်နိုဒေဝီဘုရားကျောင်း တည်ရှိရာဒေသ) ကြား ရထားလမ်းသစ်များ ပြေးဆွဲမည်ဟု ကြေညာခဲ့သည်။ ဤသည်မှာ ကက်ရှ်မီးယားကို ရထားလမ်းဖြင့် အိန္ဒိယနိုင်ငံ၏ အခြားအစိတ်အပိုင်းများနှင့် ဆက်သွယ်ရန် နှစ် ၄၀ ကျော်ကြာ အကောင် အထည်ဖော်ခဲ့သော စီမံကိန်း၏ ပြီးဆုံးမှုကို သရုပ်ဖော်နေသည်။ ရထား လမ်းအာဏာပိုင်များက အဆိုပါလမ်းကြောင်းပေါ်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလက စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိမဝန္တာတောင်တန်း၏ ကြမ်းတမ်းခက်ခဲသော ဒေသကို ဖြတ်သန်းတည်ဆောက်ထားသည့် ဥဒမ်ပူ-သရီနာဂါ-ဘာရာမုလာ ရထားလမ်းကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး ကုန်ကျငွေဖြင့် တည်ဆောက်ခဲ့သည်။ ထိုစီမံကိန်းတွင် ၁၁၉ ကီလိုမီတာရှည်လျားသော ဥမင် လိုဏ်ခေါင်း ၃၆ ခုနှင့် တောင်ကြားများ၊ တောင်တန်းလမ်းများကို ဖြတ်သန်း နိုင်ရန် တံတား ၉၄၃ စင်း ပါဝင်သည်။
ယခင်က ထိုဒေသသို့ သွားရောက်ရန် အန္တရာယ်များသော ကားလမ်းများသာ အဓိကအသုံးပြုခဲ့ရပြီး လေကြောင်းခရီးသည်သာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိခဲ့သည်။ နယူးဒေလီအစိုးရက အဆိုပါ ရထားလမ်းဖွင့်လှစ်မှုသည် “ဂျမူးနှင့်ကက်ရှ်မီးယားအတွက် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခန်းသစ်တစ်ရပ် စတင်ခြင်း” ဟု မှတ်တမ်းတင်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂