အိမ်ဖြူတော်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူမည့် ပြစ်ဒဏ်ဥပဒေကြမ်း ကို အားလျော့စေရန်ဖိအားပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ရုရှားနိုင်ငံအပေါ် ပိုမို တင်းကြပ်သော ဒဏ်ခတ်အရေးယူမှုများချမှတ်ရန် ရည်ရွယ်သည့် ဆီးနိတ် ဥပဒေကြမ်းကို အားပျော့သွားစေရန် ဖိအားပေးလျက်ရှိကြောင်း ဝါရှင်တန် ပို့စ်သတင်းစာမှ သောကြာနေ့ (ဇွန် ၆) က ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဥပဒေကြမ်းတွင် ရုရှားမှ ရေနံ၊ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြား အဓိကကုန်ပစ္စည်းများ ဝယ်ယူဆဲနိုင်ငံများ၏ သွင်းကုန်များအပေါ် ၅၀၀ ရာခိုင်နှုန်းအထိ မြင့်မားသော အကောက်ခွန်စည်းကြပ်ရန် ပါဝင်သည်။
ဒဏ်ခတ်ဥပဒေကြမ်းကို ရီပတ်ပလီကန်ပါတီမှ လင်းဆီဂရေဟန်နှင့် ဒီမိုကရက်တစ်ပါတီမှ ရီချတ်ဘလူးမင်သာလ်တို့ ဦးဆောင်သည့် ဆီးနိတ် အမတ်များ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ အစောပိုင်း က တင်သွင်းခဲ့ခြင်းဖြစ်သည်။ အကောက်ခွန်များအပြင် ဤဥပဒေတွင် ရုရှားနှင့် စီးပွားရေးဆက်ဆံမှု ဆက်လက်ထိန်းသိမ်းထားသည့် နိုင်ငံ များကို ဒုတိယအဆင့် ဒဏ်ခတ်မှုများ ချမှတ်ရန် ပါဝင်သည်။ ဂရေဟန် က ဤဥပဒေကြမ်းသည် “ယခုအချိန်ထိ ရေးဆွဲခဲ့သည့် ဒဏ်ခတ် ဥပဒေ များအနက် အပြင်းထန်ဆုံးတစ်ခု” ဖြစ်ပြီး “အရိုးထိအောင် ခိုက်မည့်” ကန့်သတ်မှုများ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
ဝါရှင်တန်ပို့စ်၏ ဖော်ပြချက်အရ ထရမ့်သည် အဆိုပါဥပဒေကြမ်းသည် အမေရိကန်နှင့် ရုရှားကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ၎င်း၏ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်သည်ဟု စိုးရိမ်နေပြီး မော်စကိုနှင့် ကိယက်ဗ်အကြား ပဋိပက္ခကို အဆုံးသတ်ရန် ၎င်း၏အားထုတ်မှုများနှင့် ပေါင်းစပ်လိုသည်ဟု သိရသည်။
မကြာသေးမီသီတင်းပတ်များအတွင်း အိမ်ဖြူတော်အရာရှိများသည် ဥပဒေကြမ်းကို အားပျော့သွားစေရေး တိုက်တွန်းရန် ဂရေဟန်၏ရုံးသို့ တိတ်တဆိတ်ဆက်သွယ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ သမ္မတ အား ကန့်သတ်မှုများ ချမှတ်မည့်သူကို ရွေးချယ်ခွင့်ပြုမည့် ခြွင်းချက် များကို ဥပဒေကြမ်းတွင် ထည့်သွင်းရန် ၎င်းတို့က အကြံပြုခဲ့ကြသည်။
အထူးသဖြင့် ဂရေဟန်အား ဥပဒေကြမ်းရှိ မဖြစ်မနေလိုက်နာရမည့် စကားလုံးများကို “shall” (လုပ်ရမည်) မှ “may” (လုပ်နိုင်သည်) သို့ ပြောင်းလဲရန် တောင်းဆိုခဲ့သည်။
အစိုးရတစ်ရပ်သည် ထိုကဲ့သို့သော ဥပဒေကြမ်းတွင် ပြောင်းလဲမှုများကို တောင်းဆိုနိုင်သော်လည်း “ဒဏ်ခတ်မှုများ၏ မဖြစ်မနေ ဆောင်ရွက် ရမည့် သဘောသဘာဝကို ဖယ်ရှားပါက ဂရေဟန်၏ ဥပဒေကြမ်းသည် ထိရောက်မှုအားနည်းသွားမည်” ဟု WSJ က ဖော်ပြခဲ့သည်။ ၎င်းတို့က ထရမ့်သည် ဒဏ်ခတ်မှုများ ချမှတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ဖြစ်ကြောင်း လည်း အတိအလင်း ပြောကြားခဲ့သည်။
ဘလူးမင်သာလ်က WSJ သို့ ထရမ့်အစိုးရနှင့် သီးသန့်ညှိနှိုင်းမှုများ ရှိခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ၎င်းအကြောင်းအရာနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ “မိမိတို့သည် ရှေ့ဆက် လုပ်ဆောင် နေပြီး အိမ်ဖြူတော်သည် မိမိတို့၏ ဆွေးနွေးမှုများတွင် ပါဝင်နေပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကြာသပတေးနေ့ (ဇွန် ၅) က Oval Office တွင် ပြောကြားရာတွင် ထရမ့်က အမေရိကန်ဆီးနိတ်မှ ဆောင်ရွက်နေသည့် ဒဏ်ခတ် ဥပဒေ ကြမ်းသည် မိမိ၏လမ်းညွှန်မှုဖြင့် ဖြစ်လိမ့်မည်ဟု သတင်းထောက်များ အား ပြောကြားခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းတို့အား “ခဏကြာအောင် ဆက်တိုက်ခိုင်းပြီး” မှ “ခွဲထုတ်ခြင်း” သည် ပိုကောင်းမည်ဟု အကြံပြု ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂