ဂြိုလ်တုမှရိုက်ကူးထားသော ဓာတ်ပုံများအရ ပျက်စီးနေသည့် မြောက် ကိုရီးယား စစ်သင်္ဘောတစ်စီးကို ရုရှားနယ်စပ်အနီးရှိ သင်္ဘောကျင်းသို့ ရွှေ့ပြောင်းထားသည်ကို တွေ့ရှိရ

News Image

  • ဂြိုလ်တုမှရိုက်ကူးထားသော ဓာတ်ပုံများအရ ပျက်စီးနေသည့် မြောက် ကိုရီးယား စစ်သင်္ဘောတစ်စီးကို ရုရှားနယ်စပ်အနီးရှိ သင်္ဘောကျင်းသို့ ရွှေ့ပြောင်းထားသည်ကို တွေ့ရှိရ

မြောက်ကိုရီးယားသည် ရေချစဉ် မတော်တစ်ဆမှုကြောင့် ပျက်စီးခဲ့သော စစ်သင်္ဘာအသစ်တစ်စီးကို ရုရှားနယ်စပ်အနီးရှိ ဆိပ်ကမ်းသို့ ရွှေ့ပြောင်း  ခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် မော်စကိုမှ သင်္ဘောပြင်ဆင်ရေးတွင် ပါဝင်နိုင်ကြောင်း ဆန်းစစ်သူများက သုံးသပ်ထားသည်။ Maxar Technologies မှ တနင်္ဂနွေနေ့ (ဇွန် ၈) က ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ တန်ချိန် ၅၀၀၀ ရှိသည့် အမည်မသတ်မှတ်ရသေးသော အဆိုပါ ဖျက် သင်္ဘောကို ရုရှားနှင့် နယ်နိမိတ်ထိစပ်နေသော မြောက်ကိုရီးယား၏ Rason အထူးစီးပွားရေးဇုန်အတွင်းရှိ Rajin ဆိပ်ကမ်းရှိ သင်္ဘောကျင်း တွင် တွေ့ရှိရသည်။

ကိုရီးယားကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးအင်စတီကျုတွင် ပြင်ပပူးပေါင်းဆောင်ရွက်ရေးဒါရိုက်တာနှင့် အကြီးတန်းသုတေသီ Yu Jihoon က အဆိုပါသင်္ဘောကျင်းသည် Chongjin မြို့ရှိ သင်္ဘောကျင်း ကဲ့သို့ ကြီးမားသော သင်္ဘောတည်ဆောက်ရေးစင်တာ မဟုတ်သော်လည်းအသေးစား ပြုပြင်ထိန်းသိမ်းမှုများအတွက် လုပ်ဆောင်ရာ သင်္ဘောကျင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသည် ရုရှားနှင့် နီးကပ်စွာတည်ရှိပြီး “မြောက်ကိုရီးယား၏ မော်စကိုနှင့် စီးပွားရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်း စေရန် အားထုတ်မှုများအတွက် အဓိကအချက်တစ်ခု” ဖြစ်သည်ဟု Yu က ဆိုသည်။

အမေရိကန်စစ်တက္ကသိုလ် West Point မှ Modern War Institute ၏ ၂၀၂၄ အစီရင်ခံစာတွင် Rason စီးပွားရေးဇုန်ကို မြောက်ကိုရီးယား-ရုရှား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောနေရာတစ်ခုဖြစ်ပြီး ယူကရိန်း တွင် အသုံးပြုရန် မြောက်ကိုရီးယားမှ ရုရှားသို့ လက်နက်တင်ပို့မှုများနှင့် ဆက်စပ်နေသည်ဟု ဖော်ပြထားသည်။

ယင်းဖျက်သင်္ဘောသည် မေလ ၂၁ ရက်နေ့က စတင်ရေချစဉ် ပျက်စီး ခဲ့ပြီး သင်္ဘော၏နောက်ပိုင်းသည် ရေထဲသို့ နစ်မြုပ်သွားသော်လည်း ရှေ့ပိုင်းသည် ကုန်းပေါ်တွင် ကျန်နေခဲ့ပြီးနောက် ဘေးစောင်း ဖြစ်သွား ခဲ့သည်။ ရေချပွဲတွင် တက်ရောက်ခဲ့သော မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဇွန်လကုန်တွင် ကျင်းပမည့် Workers' Party အစည်းအဝေးမတိုင်မီ အဆိုပါဖျက်သင်္ဘောကို ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပြီး ၎င်းကို အမျိုးသားဂုဏ်သိက္ခာတစ်ရပ်အဖြစ် ရည်ညွှန်းခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများက Rajin ရှိ သင်္ဘောကျင်းတွင် ပြုပြင်မှုများ ၇ ရက်မှ ၁၀ ရက်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ဖော်ပြခဲ့ပြီး Kim ၏ သတ်မှတ်ချိန်ကာလနှင့် ညီညွတ်မှု ရှိကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီး Kim Duk-ki က CNN သို့ ပြုပြင်ရန်အချိန်သည် သင်္ဘော၏ပျက်စီးမှုအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။၎င်းက သင်္ဘော၏ ရှေ့ပိုင်းတွင် တပ်ဆင်ထားသော sonar နှင့် ရေစူးတိုင်းထွာရေးစနစ်များ ပျက်စီးနိုင်ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် sonar စနစ်များအတွက် နည်းပညာ အားနည်းသည် ဟု ယူဆရပြီး ၎င်းတို့အား တရုတ် သို့မဟုတ် ရုရှားမှ တင်သွင်းခဲ့ဖွယ် ရှိကြောင်း Kim က ဆိုသည်။

Multilateral Sanctions Monitoring Team ၏ အဆိုအရ မြောက် ကိုရီးယားသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဒုံးကျည်များ၊ ဒုံးပျံများ အပါအဝင် လက်နက်ခဲယမ်းများစွာကို ရုရှားသို့ ပို့ဆောင်ခဲ့သည်ဟု ယူဆ ရသည်။ အပြန်အလှန်အားဖြင့် ရုရှားသည် မြောက်ကိုရီးယားအားလေကြောင်းရန်ကာကွယ်ရေးပစ္စည်းများ၊ မြေပြင်မှဝေဟင်ပစ် ကာကွယ်ရေး ဒုံးကျည်များ၊ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များနှင့် ချက်လုပ်ပြီး ရေနံထွက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်ဟု စောင့်ကြည့်အဖွဲ့က ပြီးခဲ့သည့်လက ဖော်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂