လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များအား ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်ခြင်းများ လုပ်ဆောင်
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ အောင်မြေသာစံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အလုပ်သင် ဒုရဲအုပ် ချမ်းမြေ့အောင်၏ဖခင်ဖြစ်သူ ဦးကြည်ရွှင် (၆၅)နှစ်သည် “ရွှေမင်္ဂလာ” ခရီးသည်တင်မော်တော်ယာဉ်လိုင်းဖြင့် မြင်းခြံမြို့မှ မန္တလေးမြို့သို့ လိုက်ပါလာစဉ် နွားထိုးကြီးမြို့နှင့် ပြင်စည်ကျေးရွာကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ ဦးကြည်ရွှင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA