မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

  • မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်ခြင်း၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်ပေါက် ခြံစည်းရိုးသံပန်းတံခါးတွင် “ဒီတစ်ခါ နောက်ဆုံးသတိပေးခြင်းနော်၊ မင်းတို့ဘက်က တိုင်လည်း ငါတို့က ဂရုမစိုက်ဘူး နားလည်လား။ ဆရာမတွေ ဆရာကြီးတွေ မင်းတို့ကို ဒါနောက်ဆုံး သတိပေးလိုက်တာပဲ။ သတိထားနေကြ မင်းတို့အမျိုးယုတ်တွေ ငါတို့က မင်းတို့ဆရာတွေကို ဘယ်ချိန်လုပ်လုပ်ရနေပြီ။ မင်းတို့တွေ သေဖို့သာပြင် သံပရာအုပ်ကြီးလို လှလှပပ သေခြင်လား။ ထောက်ခံကြတဲ့ ခွေးမျိုးများ” စာသားအောက်တွင် တပ်ရင်း(၄)ဟု ရေးသားထားသည့် ခြိမ်းခြောက်စာ တစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA