မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များအား မီးရှို့ဖျက်ဆီး
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အနောက်မကျီးကန်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာမြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များက ကျေးရွာအတွင်းရှိ လူနေအိမ် လေးလုံးအား မီးရှို့ဖျက်ဆီး၍ LIGHT TRUCK မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးအေးလွင်(၄၁)နှစ်နှင့် ၎င်းကျေးရွာနေ ဒေါ်စီစီဌေး(၄၃)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပခုက္ကူမြို့၊ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၂)တပ်ခွဲသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA