ဖားကန့်ဒေသ၊ မှော်စီစာကျေးရွာအတွင်း အမျိုးသားသုံးဦး အသတ်ခံရ

News Image

  • ဖားကန့်ဒေသ၊မှော်စီစာကျေးရွာအတွင်း အမျိုးသားသုံးဦး အသတ်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊မှော်စီစာမိန်းလမ်းမ လမ်းဆုံထောင့်တွင် ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက အမျိုးသားသုံးဦး သေဆုံးလျှက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါသေဆုံးသူသုံးဦးမှာ မှော်စီစာကျေးရွာတွင် နေထိုင်သည့် အိမ်ရာမဲ့များဖြစ်ကြပြီး မှော်စီစာစျေးရှိ ဆိုင်ခန်းများတွင် အိပ်လေ့ရှိကြောင်း နှင့် စျေးသည်များက အရက်ဖိုး၊ဆေးဖိုးပေးကာ လက်တိုလက်တောင်း ခိုင်းစေသူများဖြစ်ကြောင်း ဒေသခံများကပြောသည်။
“မနက်ကသူတို့တွေကို လမ်းဆုံမှာ လာပစ်သွားတယ်လို့လည်း ပြောကြတယ်။ ဘယ်သူက လာပစ်သွားတာကိုတော့ မသိရဘူး။ ကျွန်တော်တွေ့တဲ့အချိန်မှာတော့ အလောင်းက သွေးတွေခြောက်နေပြီ။ ယင်နဲ့ ပုရွက်ဆိတ်တချို့တောင် အုံနေပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
ဖားကန့်ဒေသအတွင်း လုံခြုံရေးယူနေသော တပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ည ၉ နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လုံးခင်းအုပ်စုအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်း မီးလောင်မှုများလည်း ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Source: NP News