ထရမ့်က အမေရိကန်နိုင်ငံတွင် မွေးကင်းစကလေးများအတွက် ဒေါ်လာ ၁၀၀၀ အကောင့်များဖွင့်လှစ်ပေးမည်

News Image

  • ထရမ့်က အမေရိကန်နိုင်ငံတွင် မွေးကင်းစကလေးများအတွက် ဒေါ်လာ ၁၀၀၀ အကောင့်များဖွင့်လှစ်ပေးမည်

ထရမ့်က ၂၀၂၅ မှ ၂၀၂၉ အတွင်း အမေရိကန်တွင် မွေးဖွားသည့် ကလေး တိုင်းအား ဒေါ်လာ ၁,၀၀၀ တန်ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်လှစ်ပေးရန် ရည်ရွယ်ထားပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ဘဝ များပြောင်းလဲပေးရန် ရည်မှန်းထားသည်။

ဇွန် ၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ "Invest in America" အလှည့်ကျ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ရီပတ်ပလီကန်ပါတီ၏ ရည်မှန်းချက်ကြီးမားသော အသုံးစရိတ်ဥပဒေကြမ်းတွင် အရေးပါသည့် အချက်တစ်ခုကို မိတ်ဆက် ခဲ့သည်။ ၎င်းမှာ အမေရိကန်တွင် မွေးဖွားသည့် ကလေးတိုင်းအား ဒေါ်လာ ၁,၀၀၀ တန်တန်ဖိုးရှိသော ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်လှစ်ပေးရန် ဖြစ်သည်။

"Trump Accounts" ဟု အမည်ပေးထားသော အဆိုပါအကောင့်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ၂၀၂၉ ခုနှစ် ဇန်နဝါရီအတွင်း မွေးဖွားသည့် အမေရိကန်နိုင်ငံသား ကလေးအားလုံးအတွက် အောက်လွှတ်တော်မှအတည်ပြုပြီး ဆီးနိတ်လွှတ်တော်တွင် အတည်ပြုချက် စောင့်ဆိုင်း နေသော "One Big, Beautiful Act" ဥပဒေကြမ်းပါ စမ်းသပ် အစီအစဉ် အရ ဖန်တီးပေးမည်ဖြစ်သည်။

အစိုးရဘတ်ဂျက်မှ ဒေါ်လာ ၁,၀၀၀ ကို စတော့ဈေးနှုန်းနှင့် ချိတ်ဆက် ထားသော Index fund တွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ကလေး၏ တရားဝင် အုပ်ထိန်းသူက စီမံခန့်ခွဲမည်ဖြစ်သည်။ အုပ်ထိန်းသူ သို့မဟုတ် အခြားပုဂ္ဂလိကအဖွဲ့အစည်းများက ကလေး၏ ဘဝတစ်လျှောက်လုံး တစ်နှစ်လျှင် ဒေါ်လာ ၅,၀၀၀ အထိ အဆိုပါအကောင့်သို့ ထည့်ဝင် နိုင်မည်ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က "Big, Beautiful Act ဥပဒေကို အတည်ပြုခြင်းဖြင့် အမေရိကန်တစ်ဝှမ်းရှိ အလုပ်လုပ်ကိုင် နေသော အလယ်လတ်တန်းစားမိသားစုများ၏ ဘဝများကို အမှန်တကယ် ပြောင်းလဲပေးမည်ဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး အခွန် လျှော့ပေးခြင်း၊ ကလေးရှိက အခွန်လျှော့ပေးမှု(child tax credit) ကို တိုးချဲ့ခြင်းနှင့် အမေရိကန်ကလေးများကို အသက်ငယ်စဉ်ကတည်းက မှန်ကန်သော ဘဏ္ဍာရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေမည့် 'Trump Account' အစီအစဉ်ကို ဖန်တီးပေးခြင်းတို့ ပါဝင်သည်” ဟု ပြောကြားခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က Trump Account သည် သာမန်မိသားစုများ၏ အိမ်ရာဝင်ငွေများ တိုးပွားစေခြင်း၊ လုပ်ငန်းငယ် များအတွက် ဗျူရိုကရေစီအခက်အခဲများ လျှော့ချပေးခြင်းစသည့်စီးပွားရေးအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဟု ပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားကို အိမ်ဖြူတော်တွင် ကျင်းပခဲ့ပြီး Dell၊ Uber၊ Altimeter Capital၊ ARM Corp၊ Salesforce၊ ServiceNow၊ Robinhood နှင့် Goldman Sachs အပါအဝင် လုပ်ငန်းကြီးများ၊ ဘဏ်များနှင့် ရင်းနှီး မြုပ်နှံမှုရန်ပုံငွေများ၏ အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။ ကုမ္ပဏီအကြီးအကဲများသည် ၎င်းတို့၏ ဝန်ထမ်းများ၏ ကလေးများအတွက် "Trump Accounts" သို့ ဒေါ်လာ ဘီလီယံချီ ရင်းနှီး မြုပ်နှံရန် ကတိပြုထားကြသည်။

Dell Technologies ၏ CEO မိုက်ကယ်ဒယ်လ်က “ကလေးတစ်ဦးစီ အတွက် ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်ပေးခြင်းဖြင့် နောင်တွင် ကောလိပ် တက်ရောက်ရန်၊ အိမ်ဝယ်ရန်နှင့် မိသားစုထူထောင်ရန်အတွက်ကြီးမားသော ငွေကြေးများ စုဆောင်းနိုင်မည်ဖြစ်သည်။ Dell Technologies အနေဖြင့် Dell ဝန်ထမ်းများ၏ ကလေးအားလုံးအတွက် အစိုးရ၏ အစပြု ရင်းနှီးမြုပ်နှံမှုကို အလားတူထည့်ဝင်ပေးရန် ဂုဏ်ယူပါသည်” ဟု ပြောကြား ခဲ့သည်။

Trump Account ပြဋ္ဌာန်းချက်ကို ဇူလိုင် ၄ ရက်မတိုင်မီ Big Beautiful Act ဥပဒေကြမ်းကို ဆီးနိတ်လွှတ်တော်မှ အတည်ပြုနိုင်ရန် အမေရိကန် သမ္မတက တွန်းအားပေးနေချိန်တွင် ဘီလီယံနာ အီလွန်မက် ကဲ့သို့သော ပုဂ္ဂိုလ်များက အမေရိကန်၏ အမျိုးသားကြွေးမြီကို ပိုမိုမြင့်တက်စေနိုင် သည်ဟု ဝေဖန်ခဲ့ကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂